Home
မြန်မာသတင်း
နိုဝင်ဘာအတွင်း မြို့နယ်ပေါင်း ၂၀ တွင် တိုက်ပွဲ ၄၄ ကြိမ် ဖြစ်ပွားခဲ့
DVB
·
December 13, 2018
ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း တိုက်ပွဲ ၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲ ၂၁ ကြိမ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအချင်းချင်း အကြား တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ အောက်တိုဘာနဲ့ နှိုင်းယှဉ်ရင်  နိုဝင်ဘာလမှာ တိုက်ပွဲ ၁ ကြိမ် ပိုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံ တ၀န်းလုံး တိုက်ပွဲဖြစ်တဲ့ မြို့နယ်ပေါင်း ၁၈ ခုရှိရာကနေ  နိုဝင်ဘာက မြို့နယ်ပေါင်း ၂၀ မှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ပဋိပက္ခသင့် နယ်မြေ အရွယ်အစား အနည်းငယ် ကျယ်ပြန့်ခဲ့ပါတယ်။ မြို့နယ်ပေါင်း ၂၀ မှာ မြို့နယ် ၁၁ ခုမှာ တိုက်ပွဲ ၁ ကြိမ်စီသာ ဖြစ်ပွားခဲ့ပြီး  ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်မှာ တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့တယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ ကွတ်ခိုင်မြို့နယ်တို့မှာ  တိုက်ပွဲ (၄) ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ (MIPS)အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်ထဲ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာခြင်းရဲ့ အဓိက အကြောင်းရင်းက RCSS/SSA အဖွဲ့ (သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် - တောင်ပိုင်း) နှင့် TNLA/PSLF (ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်)၊ SSPP/SSA (သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်-မြောက်ပိုင်း) ပူးပေါင်းအဖွဲ့တို့အကြား ဖြစ်ပွားတဲ့  တိုက်ပွဲများ များပြားလာခြင်းကြောင့် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်ထိတွေ့မှု အရေအတွက် မြင့်တက်လာပြီး၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နယ်နိမိတ်လည်း ကျယ်ပြန့်လာနေပါတယ်။ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်တို့မှာ တပ်မတော်နဲ့  AA/ULA အဖွဲ့ (ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်) တို့အကြား လက်နက်ကိုင် ထိတွေ့မှုများ ပေါ်ပေါက်ခဲ့ပြီး၊ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုလည်း အရှိန်အဟုန် မြင့်တက်လာနေပါတယ်။ ကချင်ပြည်နယ်မှာတော့ တပ်မတော်နှင့် KIA/KIO အဖွဲ့ (ကချင်လွတ်မြောက်ရေး တပ်မတော်) တို့အကြား တိုက်ပွဲ ၁ ကြိမ်သာ ဖြစ်ပွားခဲ့ပြီး၊ လွန်ခဲ့သော ၆ လမှ စတင်ပြီး တပ်မတော်နဲ့ KIA/KIO အဖွဲ့အကြား ထိတွေ့မှု ဆက်တိုက်လျော့နည်းလာတာတွေ့ရတယ်လို့  ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024