ကလေးဝမြို့နယ် ချင်းတွင်းမြစ်အတွင်း စက်လှေတိမ်းမှောက်၍ ၁ ဦး ပျောက်ဆုံး
DVB
·
December 13, 2018
ဒီဇင်ဘာ ၁၂ ရက်နေ့က ကလေးဝမြို့နယ် ကျွဲနံရွာနဲ့ မန်လုံရွာအကြား ချင်းတွင်းမြစ်ထဲမှာ စက်လှေငယ်တစီး တိမ်းမှောက်ပြီး ခရီးသွား အမျိုးသားတဦး ပျောက်ဆုံးနေတယ်လို့ ကလေးဝမြို့နယ် ရဲစခန်းက ပြောပါတယ်။
"ညနေပိုင်း ၃ နာရီကျော်မှာ ဖြစ်တာ။ ကူးတို့အမြန်ယာဉ် လှိုင်းကြောင့် တိမ်းမှောက်တာလို့ သိရပါတယ်။ လှေပေါ်ပါတာက မောင်းသူရောဆို ၄ ယောက်ပါ။ အဲ့ဒီလေးယောက်မှာ တယောက်ကတော့ ရေထဲမှာ ပျောက်နေတယ်။ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ရှာဖွေဆဲပါ" လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စက်လှေငှားစီးခဲ့တဲ့ လူသုံးဦးဟာ Medical Action Myanmar (NGO) အဖွဲ့က မောင်စွမ်းထက်၊ မောင်စော်ကျော်လယ်ထာ၊ မောင်ထန်ကိမ်းကပ်တို့ဖြစ်ပြီး စက်လှေမောင်းသူ ကတော့ ဇော်ဇော်ဆိုသူ ဒေသခံတဦး ဖြစ်ပါတယ်။
စက်လှေနစ်မြုပ်ရာမှ ပျောက်ဆုံးနေတဲ့ မောင်ထန်ကိမ်းကပ်ကို ကလေးဝမြို့မ ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပုဂ္ဂလိကရေယာဉ်ကြီးကြပ်မှုကော်မတီဝင်တွေ၊ မန်လုံကျေးရွာသားတွေ၊ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းရှာဖွေနေကြပါတယ်။
စက်လှေမောင်းသူ ဇော်ဇော် (ခ) ဖိုးဇော်ကို ရာဇသတ်ကြီးပုဒ် ၂၈၀ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်