ရန်ကုန်အတွက် ယူရိုသန်း ၇၀ ချေးငွေ ပြည်ထောင်စုလွှတ်တော် သဘောမတူ
ရွှေအောင်
·
December 13, 2018
ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံကနေ ယူရိုသန်း ၇၀ ချေးပြီး ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်မယ့်ကိစ္စကို ကန့်ကွက်သူများလို့ ပြည်ထောင်စုလွှတ်တော်က သဘောမတူခဲ့ပါဘူး။
ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ စီမံကိန်းလုပ်ဆောင်မယ့်ကိစ္စကို ရန်ကုန်တိုင်းအစိုးရကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးဆက်အောင်က ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲ့ဒီနောက် ချေးငွေကိစ္စကို လွှတ်တော်ထဲ စက်ခလုတ်သုံးပြီး မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူ ၄၉၇ ဦး၊ ထောက်ခံသူ ၃၄ ဦးနဲ့ ကြားနေမဲ ၆မဲ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က “ကန့်ကွက်ဆန္ဒမဲ များတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ချေးငွေယူရိုသန်း ၇၀ ရယူရန်ကိစ္စကို လွှတ်တော်က သဘောမတူကြောင်း ကြေညာပါတယ်” လို့ ကြေညာသွားပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာတုန်းကလည်း ရန်ကုန်စီမံကိန်းအတွက် ငွေချေးမယ့်ကိစ္စ ဆိုင်းငံ့ထားဖို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံတင်ပြခဲ့ပါတယ်။
စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက်အစီရင်ခံစာမှာ ချေးငွေစီမံကိန်းရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စိစစ်တွက်ချက် လေ့လာသုံးသပ်ထားမှု မရှိတာ၊ စီမံကိန်းကို တာဝန်ယူတည်ဆောက်မယ့် ရန်ကုန်စည်ပင်နဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတို့အနေနဲ့ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက်ကို သဘောတူ အတည်ပြုထားတဲ့ လုပ်ဆောင်ချက် မတွေ့ရှိရတာတွေကြောင့် ဆိုင်းငံ့ထားသင့်တယ်လို့ ကော်မတီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြင်သစ်ချေးငွေတွေနဲ့ ငမိုးရိပ်ချောင်းအတွင်း ရေစီးရေလာ ပိုမိုကောင်းမွန်စေဖို့၊ ကမ်းပါးထိန်းသိမ်းဖို့၊ ကမ်းပတ်စင်္ကြံလမ်းတွေနဲ့ အပန်းဖြေနေရာသစ်တွေ ပေါ်ထွန်းလာဖို့၊ ငမိုးရိပ် (မလွှကုန်း) ဘူတာပတ်ဝန်းကျင်ကားလမ်း၊ ရထားလမ်းနဲ့ ရေကြောင်းလမ်းချိတ်ဆက် ဆောင်ရွက်တာ၊ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်တာ၊ ဆိပ်ကမ်းသာ၊ လမ်းမတော်နဲ့၊ ကြည့်မြင်တိုင်ပန်းခြံ အဆင့်မြှင့်တင်မယ့် စီမံကိန်းတွေ ဆောင်ရွက်မယ်လို့ တိုင်းအစိုးရက ရှင်းပြထားပါတယ်။