Homeမြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိ၊ ငါးဖမ်းရေယာဉ်နှင့်သင်္ဘောများကို မိုးဇလ သတိပေး
လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိ၊ ငါးဖမ်းရေယာဉ်နှင့်သင်္ဘောများကို မိုးဇလ သတိပေး
DVB
·
December 13, 2018
ဒီနေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနဲ့ အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက် ၆၃၅ မိုင်လောက်၊ မာချီလီပတ္တနမ် (Machilipatnam) မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၇၃၀ လောက်၊ သီရိလင်္ကာ နိုင်ငံ၊ ထရီကိုမာလီ (Triconmalee) မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၆၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့်ဟု သတ်မှတ်ထားပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျား နိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာသွန်းမယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ရခိုင်နဲ့ ကယားပြည်နယ်တိုပမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့်ရှိနိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။