အနာကြီးရောဂါပညာပေး ပြည်သူ့နီတိတွင် ထည့်သွင်းရန် ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
December 13, 2018
အနာကြီးရောဂါနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ရဲ့ မှားယွင်းတဲ့အသိတွေကို ပြန်လည် တည့်မတ်နိုင်ဖို့ ပြည်သူ့နီတိမှာ အသိပညာပေး ထည့်သွင်းဖော်ပြသွားဖို့ လိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နေပြည်တော်မှာ မနေ့ကလုပ်ခဲ့တဲ့ အမျိုးသားအဆင့် အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံ - ၂၀၁၈ ဖွင့်ပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “အနာကြီးရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအနက် အဓိက ဦးစားပေး ဆောင်ရွက်ရမယ့်လုပ်ငန်းဟာ အနာကြီးရောဂါ ဖြစ်ပွားသူများနဲ့သူတို့ရဲ့ မိသားစုဝင် တွေကို ခွဲခြားဆက်ဆံတာတွေ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်၊၊ ဒီလို ခွဲခြားဆက်ဆံခံရမှုတွေကို ဒီနေ့အထိ တွေ့နေရပြီး အနာကြီးရောဂါဖြစ်ပွားသူ လူနာရဲ့ နေ့စဉ်ဘဝနေထိုင်မှုတွေအပေါ် သက်ရောက်မှု ရှိနေတာကြောင့် လူမှုရေးအမြင်တွေကို ပြန်လည်တည့်မတ်ပေးဖို့ ပြည်သူများအတွင်း အနာကြီးရောဂါကူးစက်ပုံ၊ ဖြစ်ပွားပုံနဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့အသိတွေရအောင် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ အနာကြီး ရောဂါနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ရဲ့ မှားယွင်းတဲ့အသိတွေကို ပြန်လည်တည့်မတ်ဖို့ ပြည်သူ့ နီတိမှာ အသိပညာပေးထည့်သွင်းဖော်ပြသွားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ညီလာခံကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာ မြင့်ထွေးနဲ့ ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယ၀န်ကြီး ဦးဆက်အောင်နဲ့ ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန်တွေ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး/ပြည်နယ်များက လူမှုရေးဝန်ကြီးတွေနဲ့ အနာကြီးရောဂါဆိုင်ရာ ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင်အဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
အမျိုးသားအဆင့် အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံ - ၂၀၁၈ ကို ဒီဇင်ဘာ ၁၃ ရက် အထိ ကျင်းပသွားမှာဖြစ်ပြီး အနာကြီးရောဂါဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းကိုလည်း ထုတ်ပြန်သွားမယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။