အစွန်းရောက်ဘာသာကြီး သုံးနှုန်းခဲ့မှု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တောင်းပန်

925
အစွန်းရောက်ဘာသာကြီးတခုလို့ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာကို ပယ်ဖျက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းပန်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဘာသာပေါင်းစုံချစ်ကြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Interfaith Friendship Group) နဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာရေးလုပ်ငန်းစဉ်တွေ (Religions For Peace) ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ဖို့ဟာ အမျိုးသားရေးတာဝန်တရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။
ဒီလုပ်ငန်းတွေကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ဖော်ဆောင်နိုင်ဖို့အတွက် မြိုင်ကြီးငူ ဆရာတော် အန္တိမအဂ္ဂိဈာပနအခမ်းအနားအပါအဝင် အခု ရက်ပိုင်းတွေအတွင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးပြောခဲ့တဲ့ အစွန်းရောက်ဘာသာကြီးတခုလို့ သုံးစွဲပြောဆိုတာနဲ့ တခြား ပြောကြားချက်တွေကို ပယ်ဖျက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းပန်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့က မြိုင်ကြီးငူ ဆရာတော်ရဲ့ဈာပနအခမ်းအနားမှာ အစွန်းရောက် ဘာသာကြီးတခုက ဇနီး ၃၊ ၄ ယောက်ယူပြီး သား သမီး ၂၀ လောက် မွေးနေတယ်လို့ ဝန်ကြီးက ပြောခဲ့တာပါ။
ဒီအပေါ်မှာ ဝေဖန်ကန့်ကွက်တာတွေ ရှိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ အစွန်းရောက် ဘာသာကြီးတခုဆိုတာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းတာမဟုတ်ဘဲ ဘာသာအသီးသီးရဲ့ ဘာသာရေးအယူအဆ ပြင်းထန်သူတွေကိုပဲ ညွှန်းဆိုသုံးနှုန်းခဲ့တာလို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၄ ရက်မှာတော့ တခြားဘာသာကြီးတခုဆိုတာ ဘဂါင်္လီတွေကို ရည်စူးပြောတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ဒုက္ခသည်တွေကို အကြောင်းပြပြီး နိုင်ငံတကာအကူအညီ အထောက်အပံ့တွေကို ဝေမျှစားနေကြတယ်လို့ ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
ဒီစကားကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်ယူတွေ့ဆုံသတိပေးခဲ့သလို မြန်မာနိုင်ငံအစိုးရ အကြီးအကဲတွေကလည်း သတိပေးခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။