Home
ဆောင်းပါး
နှင်းမှုန်တွေကြားက ငြိမ်းချမ်းရေး ဒီဇင်ဘာ
DVB
·
December 12, 2018
“ခရစ္စမတ်မှာ ပျော်ပါစေ စိတ်ချမ်းမြေ့ကြပါစေ အေးချမ်းလွန်းတဲ့ ဆောင်းရာသီ သခင့်မွေးနေ့ရောက်ခဲ့ပြီ နားထဲမှာ ပျော်ရွှင်တဲ့ ခရစ္စမတ် သီချင်းသံလေး ကြားမိသူတိုင်း ရှုပ်ထွေးစိတ်တွေ ပြေပျောက်သွားစေမယ်” ဒါလေးကတော့ ဒီဇင်ဘာလ ဝင်လိုက်တာနဲ့ ကျနော်တို့ ခင်ဗျားတို့ သုံးနေတဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှာ ဝင်ရောက်လာတတ်တဲ့ ခရစ္စမတ် သီချင်းလေးပဲ ဖြစ်ပါတယ်။ လူမျိုးတိုင်း ဘာသာတိုင်း အသီးသီးမှာ ရိုးရာဓလေ့ ပွဲလမ်းတွေဆိုတာ ရှိကြပါတယ်။ အဲ့ဒီထဲကမှ တောင်ဇလပ်တွေပွင့်တဲ့ ချယ်ရီပန်းတွေ ဝေနေတဲ့ ဒီဇင်ဘာလလေးထဲမှာတော့ မြန်မာပြည် အနောက်မြောက်ပိုင်းက တောင်တန်းတွေနဲ့ လှပနေတဲ့ အေးချမ်းတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ ချင်းပြည်နယ်လေးက ဒီဇင်ဘာလလေးကတော့ သိပ်ပြီး ကြည်နူးပျော်ရွှင်စရာ ကောင်းလှပါတယ်။ ဒီဇင်ဘာလဆို ချင်းတိုင်းရင်းသား ခရစ္စယာန် ဘာသာဝင်တို့ရဲ့ ကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပကြပြီး ချမ်းအေးတဲ့ ရာသီဥတုအောက်မှာ နှင်းမှုန်တွေကြားမှာ သစ်တုံးကြီးတွေနဲ့ မီးဖိုပြီး တညလုံး ပျော်ပျော်ရွှင်ရွှင် ဓမ္မတေးသီချင်းတွေနဲ့ ပျော်ရွှင်နေတတ်ကြပါတယ်။ ရိုးရာခေါင်ရည်ခွက်လေးတွေနဲ့ အတူတူသောက်သုံးရင်း ချမ်းအေးတဲ့ ဆောင်းဒဏ်အောက်မှာပေါ့။ ချင်းပြည်နယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး ပထဝီအနေအထားအရ ကုန်းမြင့်တောင်တန်းတွေနဲ့ ဖွဲ့စည်းထားပြီး အမြဲစိမ်းတောတွေနဲ့ အေးချမ်းတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ အထင်ကရတွေအနေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက ခေါနုသုမ်တောင်၊ ဘုံတလာရေတံခွန်၊ ကနေဒီတောင်တန်း၊ သဘာဝအသည်းနှလုံးပုံ ရိဒ်ရေကန် စတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားဖွယ် နေရာတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချင်းပြည်နယ်ဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ တိုင်းရင်းသားမျိုးနွယ်စု ၅၃ မျိုး နေထိုင်ကြတယ်လို့ ဆိုပါတယ်။ ချင်းတိုင်းရင်းသားမျိုးနွယ် ဘယ်နှစ်မျိုးပဲဖြစ်ဖြစ် ခုလို ဒီဇင်ဘာလဆိုရင် တမြေတည်းနေ ချင်းတိုင်းရင်းသားတွေတင်မက ဗမာတိုင်းရင်းသားတွေအတွက်လည်း ပျော်ရွှင်ရတဲ့ လတလပဲ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်တွေမှာ ဗမာနဲ့ အခြားတိုင်းရင်းသားတွေ ဆင်နွှဲကြသလို မြန်မာ့ရိုးရာ ဗမာတိုင်းရင်းသားပွဲတွေမှာလည်း ချင်းတိုင်းရင်းသားတွေ ပါဝင်ဆင်နွှဲ ပျော်ပွဲနဲ့ ငြိမ်းချမ်းလွန်းတဲ့ ချင်းမြေလို့ ဆိုနိုင်ပါတယ်။ “လွန်ပါး” ငါတို့ ခရစ္စမတ်ပွဲ လာခဲ့ရမယ်နော်” ဆိုတဲ့ ချင်းတိုင်းရင်းသားတွေရဲ့ စကားဝဲဝဲနဲ့ ဖော်ရွေတဲ့ ဖိတ်ခေါ်သံတွေလည်း ဒီလို ဒီဇင်ဘာလမှာတော့ မရိုးနိုင်တဲ့ တေးသွားတွေ ဖြစ်လေရဲ့။ လွန်ပါးဆိုတာ ကျနော်တို့သိသလောက် သူငယ်ချင်းလို့ ချင်းဘာသာစကားနဲ့ ခေါ်တာပါ။ ခရစ္စမတ်ပွဲ မတိုင်ခင်လည်း ကောက်သစ်စားပွဲတော်ဆိုပြီး ကျေးရွာတရွာချင်းဆီအလိုက် ဆင်နွှဲကြတာရှိသလို စုပေါင်းပြီး တနေရာမှာ တနှစ် အလှည့်ကျ ကျင်းပကြတာလည်း ရှိပါတယ်။ ရွာတွေစုပြီး နေရာအလှည့်ကျ ကျင်းပတဲ့အချိန်ဆို ကျင်းပမယ့်ရွာဆီကို ကားတွေနဲ့ စုပေါင်းသွားကြတယ်။ ခုခေတ်ဆို ကားပေါ်မှာ ဆောင်းဘောက်တွေ တင်။ အောက်ချင်းငှက်အလံ၊ လက်ဝါးကပ်တိုင်အလံ၊ အသင်းတော်ရဲ့အလံ စတဲ့ အလံတော်တွေ လွှင့်ထူပြီး ပျော်ပျော်ရွှင်ရွှင် တေးသီချင်းတွေဆိုပြီး သွားကြရတာကလည်း တကယ်ကို ပျော်စရာကောင်းလှပါတယ်။ ကောက်သစ်စားပွဲဆိုတာကတော့ တောင်ယာစပါးတွေ သိမ်းအပြီး သီးနှံအောင်ပွဲလို့လည်း ဆိုကြတာ တွေ့ရပါတယ်။ ခရစ္စမတ်ပွဲတော်ကတော့ ချင်းလူမျိုးအများစုဟာ ခရစ္စယာန်ကိုးကွယ်သူများ ဖြစ်တာကြောင့် သူတို့ရဲ့ ဘုရားသခင် ကယ်တင်ရှင် သခင်ယေရှုရဲ့ မွေးနေ့ကို အမှတ်တရကျင်းပတဲ့ ပွဲတော်ပဲ ဖြစ်ပါတယ်။ ခရစ္စမတ်ပွဲတော်မှာ ကျနော်တို့ ငယ်စဉ်ကတည်းက ခုထိ ဘုရားကျောင်းတွေမှာ ထမင်းသွားစားတယ်။ အဖြူအမည်း အတိုအရှည် ဘာသာ လူမျိုး မခွဲခြား လာသမျှ ကုန်သည်အထိ ကျွေးမွေးကြတဲ့ ဓလေ့ကလည်း ယနေ့အထိ ချစ်စရာကောင်းစွာ တည်ရှိနေဆဲပါပဲ။ (မှတ်မှတ်ရရ ၂၀၁၆-၁၇ ခုနှစ်ကဆိုရင် ခရစ်ယာန်ဘာသာ ဆရာတော်တွေက ဗုဒ္ဓဘာသာ ဆရာတော်တွေကို ပင့်ဖိတ်ပြီး ဘုရားကျောင်းမှာ ဆွမ်းကပ်ကြတာကို ဘာသာ (၂) ခုကြား ချစ်မြတ်နိုးစွာ တွေ့ခဲ့ရတယ်။) ခင်မင်ရတဲ့ ချင်းတိုင်းရင်းသား တိုင်းရင်းသူတွေက ဖိတ်တယ်။ ပွဲတော်တွေမှာ ဝင်ပျော်တယ်။ ကခုန်တယ်။ (သီချင်းတော့ မဆိုတတ်) သိပ်ကို ပျော်စရာကောင်းလွန်းတဲ့ ဒီဇင်ဘာရဲ့ နေ့တွေဟာ နှင်းမှုန်တွေကြားမှာ ဘာသာလူမျိုးမခွဲခြား နွေးထွေးမှုတွေ ပေးနေတာကတော့ တကယ်ကို မြတ်နိုးနှစ်သက်ဖွယ် ချင်းတို့ဓလေ့တခုပါပဲ။ အများအားဖြင့် ပွဲတော်ရက်တွေမှာ မနက်ခင်းဘက် ဘုရားကျောင်းတက် ထမင်းစား နေ့လယ်ခင်းဘက် စုဝေးဆုတောင်းခြင်းတွေ လုပ်ကြတယ်။ ညဘက်မှာတော့ အေးချမ်းတဲ့ ဆောင်းနှင်းတွေအောက်မှာ အချမ်းဒဏ်ကို ကာကွယ်ဖို့ ထင်းလုံးကြီးတွေနဲ့ မီးဖိုပြီး မီးဖိုဘေးမှာ ဝိုင်းထိုင်ရင်း ရိုးရာခေါင်ရည်စုပ်ရင်း စကားပြောကြ၊ သီချင်းဆိုကြတဲ့ ချင်း ဗမာ ကုလား ရခိုင် မရှိ၊ ဆောင်းနဲ့အတူ ပကတိ အေးချမ်းလွန်းလှတာကို တွေ့ရပါတယ်။ ဘယ်ဒေသ ဘယ်နေရာတွေပဲ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေနေ ချင်းပြည်နယ် ချင်းတိုင်းရင်းသားတွေအဖို့ကတော့ ယနေ့ထိ ချစ်စရာကောင်းတဲ့ ရိုးရာပွဲတွေနဲ့အတူ ငြိမ်းချမ်းနေဆဲ။ ပျော်ရွှင်နေဆဲ။ ချစ်စရာကောင်းနေဆဲပါပဲ။ မြန်မာပြည် ခရစ္စမတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်တွေအပြင် တကမ္ဘာလုံးက ခရစ်ယာန်ဘာသာဝင်တွေ အများအပြားကလည်း ဒီဇင်ဘာ ၂၅ ရက်မှာ ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စရာ ဆင်နွှဲနေကြပါတယ်။ ချင်းတိုင်းရင်းသားတွေရဲ့ ခရစ္စမတ်ကာလ ရောက်တိုင်း ကျနော်တို့တွေကတော့ ကြီးမားတဲ့ ဝက်သားပြုတ်တုံးကြီးတွေနဲ့ မီးပုံဘေးမှာ ဂစ်တာတီး သီချင်းဆိုရင်း ဖြတ်သန်းခဲ့ရတဲ့ညတွေကို မြင်ယောင်ရစမြဲပါပဲ။ ခရစ္စမတ်ဆို ဧည့်သည်တွေကို ဝက်သားပြုတ်တုံးကြီးတွေနဲ့ ဧည့်ခံကျွေးမွေးတာကိုး။ မကြာခင် ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသား မိတ်ဆွေများရဲ့ ခရစ္စမတ်ပွဲတော် (ကယ်တင်ရှင်မွေးနေ့) ရောက်တော့မယ်။ နှင်းမှုန်တွေကြားမှာပဲ ဒီဇင်ဘာက ဘာသာတခုနဲ့ တခုအကြား နားလည်မှုတွေနဲ့ အလေးထားတတ်တဲ့ အတူတကွ ငြိမ်းချမ်းစွာ ပျော်ရွှင်နေထိုင်တဲ့ ပြယုဂ်တွေ ပေါ်လွင်စေတဲ့ ငြိမ်းချမ်းတဲ့ လက္ခဏာတွေကို ကြည့်ရတော့မယ့် ဒီဇင်ဘာရေ ထာဝရ အေးချမ်းပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။ စာရေးနေရင်း ကျနော့် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှာ ချင်းတိုင်းရင်းသူမလေးတယောက်အကောင့်က သီချင်းလေးတပုဒ် Voice message ဝင်လာတယ်။ ကျနော် ဖွင့်နားထောင်လိုက်မိတယ်။ “ဒီဇင်ဘာရဲ့ ညချမ်းလေးမှာ ဆုံတဲ့အခါ ပြန်ပြီးခွဲခွာရတယ် အိုအဆွေရယ် နှုတ်ဆက်ခဲ့ပါတယ်။ ပျော်ရွှင်စွာရယ် မိသားစုနှယ် တူတူပျော်မယ် နှစ်တိုင်းပဲ သီဆိုနေရင်း နှုတ်ဆက်ခဲ့ပါတယ်။ တို့သွားတော့မယ်။ နှုတ်ဆက်ပါတယ်။ နောင်နှစ်သစ်မှာ ပြန်ဆုံကြဦးမယ်” မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024