ရွေ့လျားကွင်းဆင်းစစ်ဆေးနိုင်မည့် ယာဉ် ၁၄ စီး ပြည်နယ်တိုင်းများသို့ လွှဲပြောင်းပေး
DVB
·
December 12, 2018
အစားအသောက်တွေမှာ ဓာတုဆိုးဆေး ပါ မပါ ဈေးကွက်အတွင်းထိတိုင် ရွေ့လျားကွင်းဆင်းစစ်ဆေးနိုင်မယ့် ရွေ့လျားဓာတ်ခွဲယာဉ် ၁၄ စီးအား တိုင်းနဲ့ပြည်နယ်အသီးသီးကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရွေ့လျားဓာတ်ခွဲယာဉ် (Mobile Laboratory Van) ၁၄ စီးကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွေကို လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ရွေ့လျားဓာတ်ခွဲယာဉ်တွေဟာ ငွေကျပ် သိန်း ၁၅၀၀ လောက် တန်ဖိုးရှိပြီး အစားအသောက်၊ ဆေးဝါး၊ အလှကုန် ပစ္စည်းတွေမှာ ဓာတုဆိုးဆေး၊ ပိုးသတ်ဆေးကြွင်း၊ မှိုဆိပ်နဲ့ စားသုံးရန်မသင့်တဲ့ တာရှည်ခံဆေး အစရှိတာတွေကို ဈေးကွက်အတွင်းထိတိုင် ရွေ့လျား ကွင်းဆင်းပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဆေးတွေ့ရှိချက်တွေကိုလည်း အချိန်နဲ့တပြေးညီ ပြည်သူတွေကို အသိပေးသွားမယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။