ဘာစီလိုနာနှင့် သရေကျပြီး စပါးအသင်း ချန်ပီယံလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု ဘီ နောက်ဆုံးပွဲစဉ်မှာ ဘာစီလိုနာနဲ့ စပါးအသင်းတို့ တဖက်တဂိုးစီ သရေကျသွားပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်တဆင့် တက်ရောက်ပြီးဖြစ်တဲ့အတွက် အဓိက တိုက်စစ်မှူး ဆွာရက်ဇ်ကို အနားပေးခဲ့သလို မက်ဆီကိုလည်း အရန်အနေနဲ့ ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းမှ လူစားလဲ ဝင်ကစားစေခဲ့တာပါ။ စပါးအသင်းကတော့ နောက်တဆင့် တက်ရောက်နိုင်ရေး ရလဒ်ကောင်းရဖို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်ကို ဟယ်ရီကိန်း၊ အယ်လီနဲ့ ဆွန်ဟောင်မင်တို့က ဦးဆောင်ခဲ့ပါတယ်။ စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာရခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ အိမ်ရှင် ဘာစီလိုနာက ရသွားပြီး ပွဲအစ ၇ မိနစ်မှာပဲ ဒမ်ဘီလီက သွင်းယူပေးခဲ့ပါတယ်။ ဧည့်သည် စပါးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၅ မိနစ်ကျမှ လူစားဝင် ကစားသမား လူးကပ်မော်ရာက သွင်းယူပေးခဲ့ပါတယ်။ မနေ့ကပဲ တချိန်တည်းယှဉ်ပြိုင်တဲ့ ဒီအုပ်စုက အင်တာမီလန်နဲ့ ပီအက်စ်ဗွီတို့ ပွဲစဉ်မှာလည်း တဖက် တဂိုးစီ သရေကျသွားပါတယ်။ အင်တာမီလန်ဟာ ဒီပွဲအနိုင်ရမှ နောက်တဆင့် တက်ရောက်နိုင်မှာမို့ အိမ်ကွင်းမှာ လူစုံထုတ် အားထည့်ယှဉ်ပြိုင်ခဲ့ပေမယ့် ဧည့်သည်အသင်းရဲ့ ဦးဆောင်ဂိုးသွင်းတာ ခံခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ပွဲအစ ၁၃ မိနစ်မှာ ပီအက်စ်ဗွီတိုက်စစ်မှူး လိုဇာနိုက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ၇၃ မိနစ်မှာ အင်တာတိုက်စစ်မှူး အီကာဒီက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒီအုပ်စုက ပွဲစဉ်အားလုံး ယှဉ်ပြိုင်အပြီးမှာတော့ ဘာစီလိုနာက ရမှတ် ၁၄ မှတ်နဲ့ အုပ်စု ဗိုလ်နေရာကနေ ရှုံးထွက်အဆင့် တက်ရောက်သွားပြီး စပါးနဲ့ အင်တာမီလန်တို့ ရမှတ်တူ၊ ဂိုးကွာခြားချက် တူညီပေမယ့် သွင်းဂိုးအသာရတဲ့ စပါးက နောက်တဆင့် တက်ရောက်သွားပါတယ်။ အင်တာမီလန်ကတော့ အုပ်စု တတိယနေရာကနေ ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပီအက်စ်ဗွီကတော့ အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up