မြန်မာ့ပဲမျိုးစုံတင်ပို့ရေး မြန်မာနှင့်အိန္ဒိယ သမ္မတတို့ ဆွေးနွေး
DVB
·
December 12, 2018
မြန်မာ့ ပဲမျိုးစုံ တင်ပို့နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုရေး ကိစ္စအပါအ၀င် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ဖို့ မြန်မာသမ္မတနဲ့ အိန္ဒိယသမ္မတတို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့ နေပြည်တော်မှာ တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဖို့၊ မြန်မာနိုင်ငံက ပဲမျိုးစုံ တင်ပို့နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွေမှာ အကူအညီပေးဖို့ ဆွေးနွေးခဲ့ကြတယ်။
ဒါ့အပြင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင်ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသပြည်သူများရဲ့ဘဝ လုံခြုံအေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ အိမ်နီးချင်းကောင်း စိတ်ဓာတ်နဲ့ အပြန်အလှန် ရိုင်းပင်း ကူညီရေးတို့အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးအတွက် အိန္ဒိယက ကူညီထောက်ပံ့ပေးနေမှု၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေ ပြုပြင်မွမ်းမံရေးမှာ အကူအညီပေးနေတဲ့ ကိစ္စ၊ အိန္ဒိယနိုင်ငံသား ခရီးသွားတွေကို မြန်မာနိုင်ငံဘက်က ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ခြင်းကိစ္စတို့နဲ့ စပ်လျဉ်းပြီး ဆွေးနွေးကြတယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းရွက်ဖို့၊မြန်မာတရားသူကြီးများနဲ့ တရားရေးအရာရှိများအတွက် သင်တန်းပေးဖို့ စွမ်းဆောင်ရည် မြှင့်တင်ဖို့ နားလည်မှု စာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်နေရာချထားဖို့ အိန္ဒိယဘက်က ထောက်ပံ့ပေးနေတဲ့ Prefabricated Houses အလုံး (၂၅ဝ) အနက် တည်ဆောက်ပြီးဖြစ်တဲ့ အိမ်အလုံး ၅ဝ ကို PB Board နဲ့ အိန္ဒိယသမ္မတနိုင်ငံ ကိုယ်စား သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်ပါတယ်။