Home
မြန်မာသတင်း
တည်ဆောက်ရေးလုပ်ငန်းများအတွက် တတ်သိပညာရှင်များပါသည့်အဖွဲ့  ဖွဲ့စည်းစစ်ဆေးမည်
DVB
·
December 11, 2018
မြန်မာတနိုင်ငံလုံးမှာ ဖွဲ့စည်းထားတဲ့ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီတွေကို ဖျက်သိမ်းပြီး နယ်ပယ်အလိုက် တတ်သိပညာရှင်တွေ၊ အင်ဂျင်နီယာတွေပါတဲ့ တတိယအဖွဲ့အစည်း(Third Party) မြို့နယ်တိုင်းမှာ ပြန်ဖွဲ့စည်းမယ်လို့ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။ ဒီဇင်ဘာ ၁၁ ရက် အမျိုးသားလွှတ်တော်မှာကချင်ပြည်နယ်မဲဆန္ဒနယ်က ဦးနိုင်ကိုကိုမေးမြန်း တဲ့ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီတွေကို ဖျက်သိမ်းပြီး နယ်ပယ်အလိုက်တတ်သိပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေပါတဲ့ Third Party တွေကို တနိုင်ငံလုံးမှာ ဖွဲ့စည်းပေးဖို့ ရှိမရှိ မေးခွန်းကို အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ တတိယ အဖွဲ့အစည်းကို ပြည်လည်ဖွဲ့စည်းတဲ့အခါမှာ စနစ်တကျ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်၊ ဒီလို အစားထိုးဖွဲ့စည်းပေးနိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲထားပြီးဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ လက်ရှိမှာ Construction Industry Development Board Law(CIDBL)ကို ရေးဆွဲပြီး ဖြစ်လို့ အတည်ပြုပြီးရင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီတွေကို ဖျက်သိမ်းမည်လို့  ဆိုပါတယ်။ "CIDBLအတည်ပြုပြီးရင် တနိုင်ငံလုံးလိုက်နာ ကျင့်သုံးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ CIDBL ဗဟိုအဖွဲ့သာမက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် CIDBL တွေကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ CIDBL မှာ သက်ဆိုင်ရာကဏ္ဍအလိုက် Construction Management၊ Safety၊ Quality Control၊ Fire Protection & Inspection နဲ့ ပတ်သက်တဲ့ Inspection Teams တွေထားရှိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"လို့ ဒုဝန်ကြီးက ပြောပါတယ်။ မေးခွန်းရှင် ဦးနိုင်ကိုကိုကတော့ လက်ရှိမှာ ပညာရေး ကျန်းမာရေး ဌာနတို့လို အင်ဂျင်နီယာမရှိတဲ့ ဌာနတွေအနေနဲ့ ဆောက်လုပ်ရေးတင်ဒါခေါ်ယူရာမှာ ပုံစံဒီဇိုင်းတွေ ပြည့်ပြည့်စုံစုံမပါလို့ ဒီဇိုင်းနဲ့ ညီ မညီ စစ်ဆေးတဲ့အခါ အားနည်းချက်တွေ၊ အငြင်းပွားမှုတွေ ဖြစ်ပွားနေတယ်။ ဒါ့ကြောင့် အင်ဂျင်နီယာ ကောင်စီက အသိအမှတ်ပြုထားတဲ့ Third Party လို ပညာရှင်တွေက တွက်ချက်မှုမျိုးလုပ်နိုင်ရင် ပိုပြီး သင့်တော်မယ်လို့ ထောက်ပြခဲ့ပါတယ်။ Third Party စနစ်ဆိုတာ လုပ်ငန်းရှင်က အစိုးရဌာနဖြစ်စေ ပုဂ္ဂလိကဖြစ်စေ မိမိလုပ်ငန်း အရည်အသွေးပြည့်မီစွာ ရရှိရေး၊ ဘဏ္ဍာငွေ ပြုန်းတီးမှု မဖြစ်စေရေးအတွက် ပြင်ပ တတိယ အဖွဲ့အစည်းတခုကို တန်ဖိုးငွေတရပ်နဲ့ ကိုယ်စား တာဝန်ယူ တာဝန်ခံစေပြီး ကန်ထရိုက်ရဲ့ လုပ်ငန်းများကို ကြပ်မတ် စစ်ဆေး အာမခံစေတဲ့ စနစ် ဖြစ်ပါတယ်။ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီတွေကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကဥက္ကဋ္ဌ၊ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးက အတွင်းရေးမှူး၊ မြို့နယ်လမ်း ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတွေက အင်ဂျင်နီယာ တဦးစီကို အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အခုလို ခေတ်အဆက်ဆက် အစိုးရဌာနတွေအနေနဲ့ လူထုအတွက်လိုအပ်တဲ့ လမ်းတံတား၊ အဆောက်အဦ၊ရေ၊ မီး၊ လျှပ်စစ်၊ ဆည်မြောင်း၊ တာတမံတည်ဆောက်ရေးတွေကို ကိုယ်တိုင်တွက်ချက်၊ ကိုယ်တိုင်စိစစ်ပြီး ကိုယ်တိုင်အရည်အသွေးစစ်ခဲ့ကြတဲ့စနစ်ကြောင့် အများစုဟာ အရည်အသွေးမပြည့်မီတာ၊ အဂတိလိုက်စားတာ တွေဖြစ်ပွားခဲ့တယ်လို့ မေးခွန်းရှင်က ပြောပါတယ်။ ဒါ့အပြင် ရှေ့ကဆောက်၊ နောက်ကပျက်မကြာခဏ ပြုပြင် ရတာတွေကြောင့် ဘတ်ဂျက်တွေ ထပ်တောင်းရခြင်းစတဲ့ Conflict Of Interest ဆိုတဲ့ အဆိုးသံသရာလည်ပြီး နှစ်စဉ်ဘဏ္ဍာငွေတွေ လေလွင့်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ လက်ရှိဖွဲ့စည်းထားတဲ့ မြို့နယ်တည်ဆောက်ရေးအရည်အသွေး စစ်ဆေးရေးအဖွဲ့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌဖြစ်ပြီး မြို့နယ်စည်ပင် မြို့နယ်လမ်းတံတားတို့က အင်ဂျင်နီယာတွေက အဖွဲ့ဝင်တွေအဖြစ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးတာ မလုပ်နိုင်ကြဘဲ ရာခိုင်နှုန်း ဘယ်လောက်ပြီးပြီလဲ ဆိုတာလောက်ပဲ စောင့်ကြည့်နိုင်ကြတယ်လို့ မေးခွန်းရှင်က လွှတ်တော်ထဲ ဝေဖန်ထောက်ပြသွားပါတယ်။ သတင်း-ရွှေအောင်/နေဖြိုးဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024