မောင်တောမြောက်ပိုင်း ဒိုးတန်းရွာအနီး မိုင်းပေါက်ကွဲ၍ မြိုလူငယ် ၂ ဦး ဒဏ်ရာရ
DVB
·
December 11, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ငါးခူရသွားလမ်း ဒိုးတန်းဘင်္ဂါလီကျေးရွာရဲ့ အနောက်ဖက် ဈေးအနီးမှာ ဒီဇင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီကျော်လောက်က မပေါက်ကွဲတဲ့ မိုင်းတလုံးကို ထုခွဲကြည့်ရာက ပေါက်ကွဲပြီး မြိုလူမျိုး လူငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ရဲကျော်က ပြောပါတယ်။
“လောင်ဒုံက မြိုလူငယ် ၂ ဦးပါ။ ဒိုးတန်းဖက်ကို ငါးရှာသွားရင်း ၂၀၁၇ အကြမ်းဖက် ဖြစ်စဉ်မှာ ဘင်္ဂါလီများ စွန့်ပစ်သွားတဲ့ မိုင်းကို ဒိုးတန်းဈေးတောင်ရွာနားက ကောက်ယူပြီး ထုခွဲ ကြည့်စဉ် ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ အခု ဒဏ်ရာရသူတွေကို မောင်တောဆေးရုံကို သယ်ယူဖို့လုပ်နေပါတယ်။ ဒဏ်ရာတွေကတော သိပ်ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး"လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒဏ်ရာ ရရှိသူကတော့ လောင်ဒုံကျေးရွာမှာ နေထိုင်တဲ့ အသက်၁၉ နှစ်နဲ့ အသက် ၂၀ အရွယ် လူငယ် နှစ်ဦးတို့ ဖြစ်ကြပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ မိုင်းတွေအမျိုးအစား အတိအကျနဲ့ ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့ မိုင်းတွေလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
လောင်ဒုံကျေးရွာသားအချိုကတော့ အခုပေါက်ကွဲတဲ့ လက်လုပ်မိုင်းဟာ အသစ်ထောင်ထားတာဖြစ်နိုင်ကြောင်း ၂၀၁၇ ခုနှစ်ကတည်းက မိုင်းဖြစ်ရင် မပေါက်ကွဲနိုင်ကြောင်း ယူဆပြောဆိုတာတွေလည်း ရှိပါတယ်။
ဒိုးတန်းဘင်္ဂလီကျေးရွာဟာ အရင်က အိမ်ခြေ ၈၀၀ ကျော်ရှိခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်တွေ ကြောင့် ရွာလုံးကျွတ်နေရပ်စွန့်ခွာသွားခဲ့ကြတာပါ။
ဗညား