ကောင်းမှုတော်စေတီကြီးကို ဆေးဖြူသင်္ကန်း ပြန်လည်ကပ်လှူမည်

4.5K
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့က ကောင်းမှုတော်ဘုရားကြီးကို မနက်ဖြန် မနက်မှာ ဆေးဖြူသင်္ကန်း စတင်ကပ်လှူပူဇော်တော့မယ်လို့ ဂေါပကအဖွဲ့ထံက သိရပါတယ်။
ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က “မနက်ဖြန် ၉ နာရီအချိန်မှာ စမှာပါ။ သီတဂူ ဆရာတော်ကြီးနဲ့ သံဃာတော်အပါး ၁၀၀ ကြွပြီး ပရိတ်ရွတ်မယ်။ ပြီးရင် လုပ်ငန်းတခါတည်း စမှာပါ။ တပေါင်းလပြည့်နေ့မှာ ပြီးပါမယ်။ ဒီဆေးက အနည်းဆုံး ၁၀ နှစ်ခံပါမယ်” လို့ ပြောပါတယ်။
နဂိုက အဖြူရောင် ထုံးသင်္ကန်းပဲကပ်လှူလေ့ရှိတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော် စေတီကြီးကို ၂၀၁၀ ခုနှစ်မှာ ရွှေသင်္ကန်းကပ်လှူခဲ့ပါတယ်။
အဲဒီနောက် ကန့်ကွက်ဝေဖန်တာတွေရှိခဲ့ပြီး အခု အစိုးရလက်ထက်မှာ မူလအဖြူရောင် သင်္ကန်းပြန်ကပ်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါသေးတယ်။
၂၀၁၇ ခုနှစ် မတ်လမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရင်လိုပဲ ထုံးသင်္ကန်း ပြန်ကပ်လှူဖို့ကိစ္စ မေးမြန်းခဲ့ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက ရွှေဆေး သက်တမ်းကုန်တဲ့ အချိန်မှာ ညှိနှိုင်းလုပ်ဆောင်မယ်လို့ ဖြေကြားခဲ့ပါတယ်။
အခု ကပ်လှူမယ့်ဆေးဟာ အီတလီနိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး ဆေးပစ္စည်းဖိုး အမေရိကန်ဒေါ်လာ ၇၀၀၀၀ ကျော် ကုန်ကျမယ်လို့လည်း သိရပါတယ်။