A d v e r t i s e m e n t With Us

အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ ဘောလုံးပွဲစဉ် မြန်မာ ၂ – ၁ စင်ကာပူ

ဓာတ်ပုံ - MOI
၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာအသင်းနဲ့ စင်ကာပူအသင်းတို့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် မြန်မာအသင်း နိုင်ပွဲစရခဲ့ပြီး ဗိုလ်လုပွဲတက်ခွင့်ရရေး မျှော်လင့်ချက်တွေ ရှင်သန်သွားပါတယ်။ ဒီပွဲမှာ မြန်မာအသင်းက နောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲပြီးခါနီး သွင်းယူတဲ့ ဂိုးတွေနဲ့ အနိုင်ရတာပါ။ ပွဲချိန် ၅၅ မိနစ်မှာ စင်ကာပူအသင်းခေါင်းဆောင် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပေမယ့် မြန်မာအသင်း အသာမယူနိုင်ဘဲ ဦးဆောင်ဂိုးကိုလည်း စင်ကာပူကပဲ ရသွားခဲ့ပြီး ပွဲချိန် ၆၂ မှာ သွင်းယူခဲ့တာပါ။ အဖွင့်ဂိုး ပေးလိုက်ရပြီးနောက် မြန်မာအသင်း တိုက်စစ်ဆင်ကစားခဲ့ပြီး ချေပဂိုးကို ပွဲချိန် ၈၄ မှာ တိုက်စစ်မှူး တာရာတင်သိန်း၊ အနိုင်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အသင်းခေါင်းဆောင် နေမျိုးထွေးတို့က သွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ လာအိုအသင်းနဲ့ တဂိုးစီ သရေကျထားတဲ့အတွက် နှစ်ပွဲကစားပြီးချိန်မှာ ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းပါဝင်တဲ့ အုပ်စုမှာ ထိုင်းအသင်းက နှစ်ပွဲကစား ခြောက်မှတ်နဲ့ ဦးဆောင်နေပြီး လာအိုအသင်းက တပွဲကစား တမှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ တပွဲကစားထားတဲ့ မလေးရှားအသင်းနဲ့ နှစ်ပွဲကစားထားတဲ့ စင်ကာပူအသင်းကတော့ အမှတ်မရသေးပါဘူး။ မြန်မာအသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up