သတင်းထောက်အသတ်ခံရမှု သံသယရှိသူများကို လွှဲပြောင်းမပေးနိုင်ဟု ဆော်ဒီ ပြော

ဆော်ဒီအာရေဗျ သတင်းထောက် ဂျမဲလ်ခါရွန်းဂျီကို သတ်ဖြတ်မှုမှာ သံသယရှိသူတွေကို ရာဇဝတ်သား လွှဲပြောင်းမှုအစီအစဉ်နဲ့ လွှဲပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ တူရကီအစိုးရရဲ့ ရှေ့နေချုပ်က ဆော်ဒီအစိုးရရဲ့ အကြီးတန်းအရာရှိဟောင်း နှစ်ယောက်ကို ဖမ်းဖို့ ဝရမ်းထုတ်အပြီးမှာ ခုလို ပြောလိုက်တာပါ။ ခါရွန်းဂျီကိုသတ်ဖို့ စီစဉ်သူတွေထဲမှာ ဆော်ဒီအိမ်ရှေ့စံရဲ့ ထိပ်တန်း လက်ထောက် ဆာအိအယ်လ်ကာတာနီနဲ့  နိုင်ငံခြားထောက်လှမ်းရေးတပ်ဖွဲ့ ဒု အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဗိုလ်ချုပ်ကြီး အာမဒ်အယ်လ် အာစီရီအပေါ် အခိုင်အမာ သံသယရှိကြောင်း တူရကီ အစိုးရရှေ့နေရုံးက ကောက်ချက်ချထားတယ်လို့ တူရကီ အရာရှိတွေက အရင်အပတ်က ပြောပါတယ်။ “ကျနော်တို့နိုင်ငံသားတွေကို ရာဇဝတ်သားအဖြစ် တခြားနိုင်ငံကို လွှဲမပေးဘူး” လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက အာရပ်ပင်လယ်ကွေ့ ထိပ်သီးညီလာခံရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံ ရိယာ့ဒ်မြို့မှာ ကျင်းပတဲ့ အာရပ်ပင်လယ်ကွေ့နိုင်ငံများ ထိပ်သီးညီလာခံကို ဒီနှစ်မှာ ကာတာနိုင်ငံက မတက်ရောက်ပါဘူး။ ကာတာအစိုးရနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ဆက်ဆံရေးက အခြေအနေ ပိုဆိုးလာတဲ့ လက္ခဏာလို့ မီဒီယာတွေက သုံးသပ်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up