Home
မြန်မာသတင်း
သီပေါမြို့နယ် ဟိုနားရွာအနီးတိုက်ပွဲဖြစ်၊ ဒေသခံ ၅၀၀ ကျော်ထွက်ပြေး
နော်နိုရင်း
·
December 10, 2018
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဟိုနားကျေးရွာအနီး ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဟိုနားကျေးရွာက ဒေသခံ ၅၀၀ ကျော် ထွက်ပြေးခဲ့ကြရပါတယ်။ ဒီမနက် ၈ နာရီကျော်လောက်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ဟိုနားကျေးရွာက ဒေသခံတွေ ထွက်ပြေးနေကြတာလို့ ရွာသားတွေကို ကူညီပို့ဆောင်ပေးခဲ့တဲ့ နယ်စည်းမခြား မရဟိတ (သီပေါ) က အဖွဲ့ဝင်တဦးက ပြောပါတယ်။ “ကျနော်တို့ အခု နားမခေါ်ကျေးရွာအုပ်စု ဟိုနားရွာပေါ့နော်။ ဟိုနားရွာကနေပြီးတော့ နားမခေါ်ဘုန်းကြီးကျောင်းကို ထွက်ပြေးတာပေါ့နော်။ ဒီမနက် ၈ နာရီလောက်မှာ တိုက်ပွဲ ဖြစ်တယ်ပေါ့နော်။ ဘယ်သူဘယ်သူဖြစ်လဲတော့မသိဘူး။ နားမခေါ်နဲ့ ဟိုနားရွာကြားမှာဖြစ်တယ်။ အဲဒါနဲ့ ရွာသူရွာသားတွေကို စိုးရိမ်ပြီးတော့ နားမခေါ်ဘုန်းကြီးကျောင်းကို ရောက်လာတာပေါ့နော်။” လတ်တလောမှာတော့ ဒေသခံ ၅၀၀ ကျော် နားမခေါ် ကျေးရွာဘုန်းကြီးကျောင်းကို ရောက်ရှိလာပြီလို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ ဒီကနေ့မနက်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှုအခြေနေနဲ့ ပတ်သက်ပြီး SSPP/SSA ကို ဆက်သွယ်လို့ မရသေးသလို တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုထဲမှာ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ SSPP/SSA  ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုဖြစ်ပွားပြီး ရွာသား ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။   ဓာတ်ပုံ - ရှားထက်ပိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024