ပိတ်မိစစ်ဘေးဒုက္ခသည်အရေး ဆန္ဒပြမှုကြောင့် တရားစွဲခံသူများကို အာမခံပေး
DVB
·
December 10, 2018
ကချင်ပြည်နယ် တိုက်ပွဲတွေအတွင်း ပိတ်မိစစ်ဘေးဒုက္ခသည်အရေး ဦးဆောင်သူတွေအား ထောင်ဒဏ်အမိန့်ချတာနဲ့ပတ်သက်ပြီး မကျေနပ်လို့ ဆန္ဒပြခဲ့သူ ၃ ယောက်ကို ဒီနေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့နယ် တရားရုံးက အာမခံပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ရွှေနဲ့ ပယင်းမှော်တွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပြီး ပိတ်မိနေတဲ့ ပြည်သူတွေကိုလွှတ်ပေးဖို့ ကချင်လူငယ်ထုတွေဟာ မေ ၃၀ လက သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် မနန်ပူ၊ ကိုဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ ၃ ယောက်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အမှုဖွင့်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း အမိန့်ချမှတ်ခဲ့တာပါ။
ခေါင်းဆောင် ၃ ယောက် ထောင်ဒဏ်ချမှတ်ခံလိုက်ရတာ မကျေနပ်တဲ့အတွက် ဒီဇင်ဘာ ၇ ရက်နေ့မှာပဲ ကချင်လူငယ်အချို့ဟာ မြစ်ကြီးနားမြို့နယ် တရားရုံးကနေ မနောကွင်းအထိ လမ်းလျှောက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကချင်လူငယ် မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်၊ ကိုဆိုင်းခွမ်အောင် တို့ ၃ ဦးကို မြစ်ကြီးနား မြို့နယ်ရဲမှူးက တရားလိုလုပ်ပြီး ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့ပြီးနောက် ဒီနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။