Home
မြန်မာသတင်း
ရန်ကုန်အတွက် ယူရိုသန်း ၇၀ ချေးမည့်ကိစ္စ ဆိုင်းငံ့ထားရန် လွှတ်တော်ကော်မတီတင်သွင်း
ရွှေအောင်
·
December 10, 2018
ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံကနေ ယူရိုသန်း ၇၀ ချေးပြီး ရန်ကုန်တိုင်း အတွင်း ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်မယ့်ကိစ္စကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပေးလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ငွေစာရင်း ပူးပေါင်းကော်မတီက ဆိုင်းငံ့ထားသင့်ကြောင်း အစီရင်ခံဖတ်ကြားသွားတာ ဖြစ်ပါတယ်။ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက်အစီရင်ခံစာမှာ ချေးငွေစီမံကိန်းရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စိစစ်တွက်ချက် လေ့လာသုံးသပ်ထားမှု မရှိတာ၊ စီမံကိန်းကို တာဝန်ယူတည်ဆောက်မယ့် ရန်ကုန်စည်ပင်နဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတို့ အနေနဲ့ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်ချက်ကို သဘောတူအတည်ပြုထားတဲ့ လုပ်ဆောင်ချက် မတွေ့ရှိရတာတွေကြောင့် ဆိုင်းငံ့ထားသင့်တယ်လို့ ကော်မတီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တိုင်းအစိုးရအနေနဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းဆွေးနွေးမှုတွေ မလုပ်တာ၊ စီမံကိန်း အကောင်အထည်ဖော်မယ့် ဒေသတွေက ဒေသခံတွေကို အသိပေး ရှင်းလင်းတင်ပြခြင်း မရှိတာတွေကိုလည်း ငွေစာရင်းပူးပေါင်းကော်မတီက ထောက်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကတော့ ဒီကိစ္စကို လာမယ့် ဒီဇင်ဘာ ၁၃ရက် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအဆင့်ဝင်က လာရောက် ရှင်းလင်းတင်ပြပြီးမှ လွှတ်တော်က အဆုံးအဖြတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်မျက်နှာစာ ဖွံ့ဖြိုးရေးနဲ့ ထိန်းသိမ်းရေးအတွက် ပြင်သစ်နိုင်ငံကနေ ယူရိုငွေ သန်း ၇၀ ချေးယူဖို့ ကိစ္စကို နိုဝင်ဘာ ၁၂ရက်မှာ စီမံဘဏ္ဍာဒုဝန်ကြီးက ပြည်ထောင်စု လွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။ ဒီကိစ္စ နိုဝင်ဘာ ၁၉ ရက်က လွှတ်တော်ကိုယ်စားလှယ် ၉ ဦး ၀င်ရောက်ဆွေးနွေးခဲ့ရာမှာ အန်အယ်လ်ဒီအမတ်တွေအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၆ဦးက ကန့်ကွက်ဆွေး နွေးခဲ့ကြပါတယ်။ ဒီချေးငွေတွေနဲ့ ငမိုးရိပ်ချောင်းအတွင်း ရေစီးရေလာ ပိုမိုကောင်းမွန်စေဖို့၊ ကမ်းပါးထိန်းသိမ်းဖို့၊ ကမ်းပတ်စင်္ကြံလမ်းတွေနဲ့ အပန်းဖြေနေရာသစ်တွေ ပေါ်ထွန်းလာဖို့၊ ငမိုးရိပ်(မလွှကုန်း) ဘူတာပတ်ဝန်းကျင်ကားလမ်း၊ ရထားလမ်းနဲ့ ရေကြောင်းလမ်းချိတ်ဆက် ဆောင်ရွက်တာ၊ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်တာ၊ ဆိပ်ကမ်းသာ၊ လမ်းမတော်နဲ့၊ ကြည့်မြင်တိုင်ပန်းခြံ အဆင့်မြှင့်တင်မယ့် စီမံကိန်းတွေ ဆောင်ရွက်မယ်လို့ အစိုးရက ရှင်းပြပါတယ်။ စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်သွားမှာ ဖြစ်ပြီး စီမံကိန်းဖြစ်မြောက်နိုင် စွမ်းလေ့လာဆန်းစစ်မှုကို ၂၀၁၇ ဇန်န၀ါရီက စတင်ခဲ့တာ ၂၀၁၈ ဖေဖော်ဝါရီမှာ အပြီးသတ်ခဲ့တယ်လို့ သိရပါတယ်။ စီမံကိန်းကာလမှာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ထိ ၅ နှစ်ဖြစ်ပါတယ်။ ချေးငွေအဖြစ် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ဆီက ယူရိုသန်း ၇၀ အပြင် ဥရောပသမဂ္ဂ (အီးယူ) က ထောက်ပံ့ငွေ ယူရို ၉ ဒသမ ၅ သန်း၊ အခွန်အခတွေ၊ မြေယာအသုံးချမှုနဲ့ ရွှေ့ပြောင်းမှုကိစ္စတွေအတွက် အစိုးရက ယူရို ၅ ဒသမ ၂ သန်း စုစုပေါင်း ယူရို ၈၄ ဒသမ ၇ သန်းနဲ့ စီမံကိန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024