Home
မြန်မာသတင်း
ကက္ကူဘုရားပြုပြင်ထိန်းသိမ်းရန် ဗိသုကာနှင့် အင်ဂျင်နီယာများ တပ်မတော် စေလွှတ်မည်
ပိုင်စိုး
·
December 10, 2018
ရှမ်းပြည်နယ်ရှိ မွေတော်ကက္ကူဘုရားပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တဲ့ ဗိသုကာနဲ့ အင်ဂျင်နီယာ တွေကို စေလွှတ်ပေးမှာဖြစ်ပြီး ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စံနမူနာပြ ဖြစ်အောင်ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ တောင်ကြီးမြို့နယ်၊ ကက္ကူဘုရားကို လာရောက်ဖူးမြော်ခဲ့ပြီးနောက် ပြောဆိုတာလို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် ကြည်း၊ လေ၊ ရေက အရာရှိကြီးတွေဟာ ဒီဇင်ဘာ ၈ ရက် မနက်က ရောက်ခဲ့ပြီး ကက္ကူဘုရားပြုပြင်မွမ်းမံဖို့ အလှူငွေ ၁၀၅ သိန်း ကိုလည်း ပေးအပ်ခဲ့ပါတယ်။ ပအိုဝ်းဒေသ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဒေသခံတွေတွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးက သူ့အနေနဲ့ ကက္ကူဘုရားကို တကြိမ်တခါတောင် မရောက်ဖူးသေးကြောင်း၊ အဘဦးအောင်ခမ်းထီနဲ့ နေပြည်တော်မှာ တွေ့ဆုံတုန်းက ပအိုဝ်းဒေသကိုရောက်ရင် ကက္ကူဘုရားကို လာရောက်ဖူးမြော်ဖို့ ဖိတ်ကြားခဲ့တာကြောင့် လာရောက်ခဲ့တာလို့ ပြောပါတယ်။ ပြီးတော့ ကက္ကူဘုရား တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်နိုင်ဖို့၊ ကက္ကူဘုရားကို အမှီပြုပြီး ဒေသခံတွေ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဖို့နဲ့ ပအိုဝ်းဒေသ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာအောင် အကြုံပြုနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာလို့လည်း ပြောပါတယ်။ ကက္ကူဘုရားဟာ သက်တမ်းရင့်လာပြီဖြစ်လို့ မပျက်စီးအောင် ထိန်းသိမ်းပြုပြင်ရမှာဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့အညီ မူလလက်ရာ မပျောက်ပျက်ဖို့လိုကြောင်း၊ တပ်မတော်အနေနဲ့ ကက္ကူဘုရား မူလလက်ရာမပျက်အောင် ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ ဗိသုကာပညာရှင်၊ အင်ဂျင်နီယာတွေ စေလွှတ်ပေးမှာဖြစ်သလို ဂေါပကတွေနဲ့ တိုင်ပင်ပြီး ကက္ကူဘုရားကို ခေတ်မီအောင် Master Plan ရေးဆွဲ လုပ်ဆောင်သွားရမယ်လို့လည်း ပြောပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ဒေသခံပြည်သူတွေနဲ့အတူ ကြည်း၊ ရေ၊လေ တပ်မတော်မိသားစုတွေ ကလည်း တတ်နိုင်သမျှ အကူအညီတွေပေးမှာဖြစ်ပြီး ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စံနမူနာပြ ဖြစ်အောင်ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ မွေတော်ကက္ကူဘုရားဟာ ၂၀၁၆ ခုနှစ်က မုန်တိုင်းကြောင်း ဘုရားစေတီတော် ၂၀၀၀ ကျော်မှာ  ၁၀၃၈ ဆူ မြေခပျက်စီးခဲ့ပြီး အခုအခါ ၈၁၂ ဆူကို ပြန်လည်ပြုပြင်ခဲ့ပြီးပြီလို့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024