Home
မြန်မာသတင်း
ထားဝယ်အမျိုးသားနေ့ ပထမဆုံးအကြိမ် ကျင်းပ
DVB
·
December 9, 2018
တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ယဉ်ကျေးမှုပြတိုက် မှာ ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နေ့ မနက်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ထားဝယ်ညီလာခံကြီးကနေ ထားဝယ်လူမျိုးတွေရဲ့ သဘောထားကြေညာချက်ထုတ်ပြန်နိုင်ခဲ့တဲ့ နတ်တော်လဆန်း ၁ ရက် နေ့ကို ထားဝယ်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တဲ့အတွက် ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ ထားဝယ်အမျိုးသားနေ့ကျင်းပရေး၊ နာယက ဒုဗိုလ်မှူးကြီး တင်မြက "ကျနော် သိသလောက် မလုပ်နိုင်တာ မလုပ်ကျတာဆိုရင်တော့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် မရှိလို့ စည်းလုံး ညီညွတ်အောင်လုပ်နိုင်တဲ့အချိန်ဟာ ပြီးခဲ့တဲ့နှစ်က ထားဝယ်အမျိုးသားညီလာခံပေါ်လာမှ ဆုံးဖြတ်လိုက်လို့ အမျိုးသားနေ့ ဖြစ်လာတာ"လို့ ပြောပါတယ်။ သရက်ချောင်းမြို့နယ်၊ ကျောက်မြောင်းကျောင်းကြီးမှ အရှင်ဝိရိယက "မိဘ ဘိုးဘွား သားသမီးတွေဟာ အမျိုးသားရေးစိတ်ဓာတ်တွေ အားနည်းပြီးနေကြတယ်။ အမျိုးသားရေးစိတ်ဓာတ် တကယ်ကို ရှိလိုရှိသော်လည်း ကိုယ့်ရဲ့ ရင်ထဲမှာပဲဖြစ်ပွားနေတယ်။ အဲဒါတွေ့ အပြင်ကိုရောက်မလာဘူး။ တဦးနဲ့တဦးဆက်စပ်ပြီးတော့ ဖြစ်ပေါ်လာဖို့အတွက် အသိပညာရှင် အတတ်ပညာရှင်တွေ့ကနေပြီးတော့မှ ပြီးခဲ့တဲ့နှစ်ကမှ ဒီနေ့ကို သတ်မှတ်လိုက်တယ်" လို့ မိန့်ကြားပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ထားဝယ်အသင်း (မန္တလေး)၊ ထားဝယ်အသင်း(မော်လမြိုင်)၊ ထားဝယ်လူမျိုးတိုးတက်ရေးအသင်း(ထိုင်းနိုင်ငံ)တွေက ပေးပို့တဲ့ သ၀ဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး ထားဝယ်အမျိုးသားနေ့အလံကို အလံတိုင်ပေါ်မှာလွှင့်တင်ပြီး နိုင်ငံတော်အလံနဲ့ ထားဝယ်အမျိုးသားနေ့အလံတွေကို အလေးပြုခဲ့ကြပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သြ၀ါဒစရိယ ဆရာတော်ကြီးတွေ၊ ရဟန်းသံဃာတော်တွေ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဖိတ်ကြားထားသူတွေ၊ ထားဝယ်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ခဲ့ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024