ဟိန္ဒူဒုက္ခသည်များကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ ရိက္ခာထောက်ပံ့
DVB
·
December 9, 2018
မောင်တောမြို့ မြို့မကညင်တန်းရှိ ဟိန္ဒူဒုက္ခသည်စခန်းရှိ ဒုက္ခသည်မိသားစု ၆၂၃ စု အတွက် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ကြောင်း ဟိန္ဒူလူမျိုးခေါင်းဆောင် ဦးမောင်နီက ပြောပါတယ်။
“နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC မှ မိသားစု ၆၂၃ စု အတွက် အာမိသားစုတစုကို မိသားစုတစုကို ဆန် ၅၀ kg ၁ အိတ်၊ ပဲ ၂၅ Kg ၁ အိတ်၊ သကြား ၄ ထုပ်၊ ဆီ ၄ လီတာ၊ ဆား ၁ ထုပ်၊ လက်ဖက်ခြောက် ၁ ထုပ်နဲ့ အာဟာရမုန့် ၄ ထုပ်စီ ထောက်ပံ့ပေးခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ ဒီလိုထောက်ပံ့ပေးမှုအတွက် အလွန်ဝမ်းမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။”
ဟိန္ဒူဒုက္ခသည် ၁၂၀၀ ကျော်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက နိုဝင်ဘာ ၂၁ ရက်နေ့က ရက်သတ္တပတ် နှစ်ပတ်စာ ဆန်၊ ဆီ၊ ဆား စတဲ့စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့သလို အခု ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က လာရောက်ထောက်ပံ့ပေးတာလည်း ဖြစ်ပါတယ်။
ဟိန္ဒူဒုက္ခသည်စခန်းက ဒုက္ခသည်မိသားစုတွေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက ထွက်ပြေးခဲ့ကြကာ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ကြပြီး ၂၀၁၇ ဒီဇင်ဘာမှာ မောင်တောမြို့ ဒုက္ခသည်စခန်းကို ပြောင်းရွှေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခုလက်ရှိ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၉၃ စု၊ လူဦးရေ ကျား ၆၀၂ ဦး၊ မ ၆၂၃ ဦး၊ စုစုပေါင်း ၁၂၂၅ ဦးနေထိုင်လျက်ရှိပါတယ်။