သွားလာခွင့်မရှိသည့်နေရာ လာရောက်သည့် ဂျာမနီနိုင်ငံသား ၂ ဦးကို အရေးယူ
DVB
·
December 8, 2018
နိုင်ငံခြားသားတွေ သွားလာခွင့်မရှိတဲ့နေရာကို လာရောက်ခဲ့တဲ့ ဂျာမနီနိုင်ငံသား ၂ ယောက်ကို အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဂျာမနီနိုင်ငံသား Mr.Marco Fritz Hans Trubner ဟာ ဂျာမနီနိုင်ငံသူတယောက်နဲ့အတူ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက နိုင်ငံခြားသားတွေ သွားလာခွင့်မရှိတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကတိုင်ထိ ကျေးရွာကို ရောက်လာတယ်လို့ ဆိုပါတယ်။
သူတို့ဟာ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ ဆိပ်ကမ်းကနေ ဆိုင်ကယ် ၂ စီးကို စက်လှေနဲ့တင်ပြီး သံလွင်မြစ်ကို ဖြတ်လာခဲ့တာပါ။
ဒါကြောင့် သူတို့ကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဘားအံမြို့က ပြန်လည်ထွက်ခွာသွားဖို့ ညှိနှိုင်းပြောဆိုခဲ့ပြီး သဘောတူလို့ တည်းခိုခန်းကို ပြန်ပို့ပေးခဲ့ပါတယ်။
ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်းမှာ ပူးပေါင်းအဖွဲ့က သူတို့ရဲ့ ဆိုင်ကယ် ၂ စီးနဲ့ အသုံးအဆောင်တွေကို ကားနဲ့တင်ပြီး မွန်ပြည်နယ်၊ သထုံမြို့နယ် ကြာပန်းတိုးဂိတ်အထိ ပို့ဆောင်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ညနေ ၄ နာရီအချိန်မှာတော့ အဲဒီ ဂျာမနီနိုင်ငံသား ၂ ယောက်ကို ဖာပွန်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရှမ်းမလေးစားသောက်ဆိုင်မှာ ဖာပွန်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနမှူးနဲ့ ပူးပေါင်းအဖွဲ့က ပြန်တွေ့ခဲ့ပါတယ်။
သူတို့ဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့ကနေ ဘီးလင်း-ဖာပွန် လမ်းကြောင်းအတိုင်း ဖာပွန်မြို့ကို ပြန်ဝင်ရောက်လာတာ သိရပြီး အရေးယူပေးဖို့ တိုင်တန်းချက်အရ Mr.Marco Fritz Hans Trubner အပါအဝင် ၂ ယောက်ကို ဖာပွန်မြို့မရဲစခန်းမှာ လဝကအက် ၁၃(၁) နဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။