Home
မြန်မာသတင်း
ရသေ့တောင်နှင့် ဘူးသီးတောင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် တိုက်ပွဲဖြစ်ပွား
DVB
·
December 8, 2018
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီဇင်​ဘာလ ၈ ရက်​​နေ့ မနက်​ ၉ နာရီ​လောက်ကစပြီး ၁၀ နာရီ​ကျော်​လောက်အထိ ဘူးသီး​တောင်​မြို့နယ်​ နဲ့ ရ​သေ့​တောင်​မြို့နယ်​ ရေ​စိုး​ချောင်း တောတွင်းမှာ​ တိုက်​ပွဲဖြစ်​ပွားပြီး လက်​နက်​ကြီးသံနဲ့ လက်​နက်​ငယ်​သံတွေ ကြိုးကြားကြိုကြား ကြားခဲ့ရ​တယ်လို့  ဘူးသီး​တောင်​မြို့နယ်​ ​ကျောက်​ရံ​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦးစံ​မောင်​က ​ပြောပါတယ်​။ ရ​သေ့​တောင်​ ဘူး​တောင်​ကားလမ်းကတော့ ပိတ်​မထားဘဲ လမ်းတလျှောက်တော့ လုံခြုံ​ရေး ချထားတယ်​လို့ ဦးစံ​မောင်​က ​ပြောပါတယ်​။ ကျောက်​ရံတိုင်းရင်းသားရွာမှာ အိမ်​​ခြေ ၃၀ ​ကျော်​ရှိပြီး လူဦး​ရေ ၂၀၀ လောက်ရှိပါတယ်။ “ရွာသူရွာသားတွေ  အလွန်​စိုးရိမ်​​​နေကြတယ်။ ရွာအနားမှာလည်း မိုင်​​တွေ ​ပေါက်​သွားပြီး  ​တော​ထဲကိုလည်း မသွားရဲကြဘူး။ ​သေနတ်​သံ​တွေက​တော ​တောတွင်းဘက်​ကနေ အမျာကြီးကြားရတယ်” လို့ ပေါက်​တူး​ပေါက်​​မွတ်​ဆလင်​ကျေးရွာ အုပ်ချူပ်ရေးမှူးက အတည်​ပြု​ပြောပါတယ်​။ မြေပုံမြို့နယ် ယောချောင်းတံတားအနီး ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းကလည်း ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီပေါက်ကွဲမှုဟာ မြေပုံမြို့နယ် ယောချောင်းတံတားအနီးမှာ ဖြစ်ခဲ့တာလို့  မြေပုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီဗွီဘီကိုပြောပါတယ်။ “ပေါက်ကွဲမှု နှစ်ကြိမ်ကြားလိုက်တယ်လို့ ပြောကြတယ်။ မနေ့က ၅ နာရီခွဲလောက်ကပေါ့။ ပြီးတော့ စစ်ကားတွေလည်း ဖြတ်သွားကြတယ်။ တချို့ကျတော့ ဒဏ်ရာ ရထားတာတွေ မြင်လိုက်တယ်လို့ပြောကြတယ်။ ဒါပေမယ့် အတိအကျမြင်တဲ့သူတော့ မရှိဘူး။ ဘယ်လိုဖြစ်တယ်ဆိုတာကို တိတိကျကျတရားဝင်ထုတ်ပြန်ထားတာ မရှိသေးဘူး။ ပေါက်ကွဲမှု ဖြစ်တာကတော့မှန်တယ်။ ဘယ်လိုဖြစ်တယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဘယ်သူလုပ်တယ် ဆိုတာကတော့ အတိအကျ မသိသေးဘူး။ အဲဒီမှာတော့ ရဲတပ်ဖွဲ့တွေ တပ်မတော်သားတွေကို ဒီကနေ့ မနက်ပိုင်းမှာ လုံခြုံရေးတွေ ဘာတွေ အကုန်ရောက်နေပြီ ကြားတယ်။” ဒီပေါက်ကွဲမှုကြောင့် တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောဆိုတာရှိပေမယ့် အတည်ပြုလို့တော့မရသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေပုံရဲစခန်းကို ဒီဗွီဘီက ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024