Home
မြန်မာသတင်း
ဘ၀သစ်ကျောင်းဝင်းအတွင်း အရက်ဘီယာရောင်းချမှု အရေးယူရန် မဟနအဖွဲ့ စာထုတ်
စိုးမိုးအောင်
·
December 8, 2018
ကျောင်းဝင်းအတွင်း ထန်းရည် အရက်ဘီယာဆိုင်တွေရောင်းချနေတာကြောင့် ဘ၀သစ်ကျောင်းတိုက် ဆရာတော်ကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကနေ သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ ကနဲ့ အရေးယူဖို့ စာထုတ်ထားတယ်လို့ ပဲခူးတိုင်း သံဃာ့မဟာနာယကဆရာတော်တပါးက မိန့်ပါတယ်။ ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုးကို သာသနာညှိုးနွမ်းစေမှုအပါအ၀င် ပုဒ်မ ၄) ခုနဲ့ တရားစွဲဆိုထားတဲ့ ပဲခူးအောင်သိဒ္ဓိ ဘ၀သစ်ကျောင်းတိုက်ဆရာတော်ကို နိုင်ငံတော်သံဃာ့မဟာနာယကကနေ သာသနာ ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ ကနဲ့ အရေးယူဖို့ စာထုတ်ထားတာပါ။ ဘ၀သစ်ကျောင်းဝန်းအတွင်းမှာ ထန်းရည် အရက်နဲ့ဘီယာဆိုင်တွေ ရောင်းချနေတဲ့အပေါ် ပဲခူးတိုင်း သံဃာ့မဟာနာယကအဖွဲ့ကနေ စက်တင်ဘာ ၂၉ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး ထန်းရည်အရက်ဘီယာဆိုင်တွေ တွေ့ရှိခဲ့တာကြောင့် တိုင်းသံဃာ့မဟာနာယကအဖွဲ့ကနေ ဓာတ်ပုံတွေပေးပို့ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို တင်ပြခဲ့တာလို့ သိရပါတယ်။ ဘ၀သစ်ဆရာတော်ကို တရားစွဲဆိုဖို့ ညွှန်ကြားစာနဲ့ ပတ်သက်လို့ ဒီဗွီဘီသတင်းဌာနရဲ့မေးမြန်းမှုကို ပဲခူးတိုင်းသံဃာ့မဟာနာယကအဖွဲ့ဝင်ဆရာတော်က “ဟုတ်တယ် ဟုတ်တယ်၊ တို့ဆီကို စာထုတ်တယ်။ တို့ဆီကတဆင့် သာသနာရေးမှူးကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲပါတဲ့။ အဲဒါစွဲခိုင်းလိုက်တယ်။ တို့ကတော့ ထုတ်ပေးလိုက်ပြီ စာကတော့” လို့ မိန့်ပါတယ်။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က သာသနာညှိုးနွမ်းစေမှုပုဒ်မ၂၉၅-ကနဲ့ အရေးယူဖို့ ညွှန်ကြားထားတဲ့အပေါ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို ဖြေရှင်းစာတွေ ပို့ထားပြီး ဖြစ်တယ်လို့ ဘ၀သစ်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စနန္ဒာဘိဝံသက မိန့်ပါတယ်။ ဒါ့အပြင် ရပ်ကျေးနဲ့မြို့နယ်အဆင့်တွေက ကျောင်းဝန်းအတွင်း ၀င်ရောက်စစ်ဆေးတဲ့အခါ အရက်ဘီယာဆိုင်တွေ မတွေ့ရဘူးလို့လည်း ဆရာတော်က ငြင်းဆိုထားပါတယ်။ ဘ၀သစ်ကျောင်းဆရာတော်ကို ပဲခူးတိုင်းသာသနားရေးဦးစီးမှူးကနေတဆင့် တရားစွဲဆိုဖို့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကနေ နိုဝင်ဘာလ(၁၂)ရက်နေ့မှာ ညွှန်ကြားစာထုတ်ခဲ့တာလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024