ဖမ်းဆီးခံ ယူကရိန်း ရေတပ်သားများကိစ္စ တရားရင်ဆိုင်ပြီးမှ ဆွေးနွေးမည်ဟု ရုရှားပြော

1.2K
ဖမ်းဆီးခံထားရတဲ့ ယူကရိန်း ရေတပ်သားတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ တရားရင်ဆိုင်ပြီးဆုံးမှသာ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်မယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က “ယူကရိန်း စစ်သင်္ဘောတစီးပေါ်မှာ ရုရှားအာဏာပိုင်တွေဆီက ခွင့်ပြုချက်မတောင်းဘဲ ကီရာ့ခ်ျ ရေလက်ကြားကို တိတ်တဆိတ် ဖြတ်သန်းဖို့ ညွှန်ကြားထားတဲ့ အမိန့်စာ တွေ့ရှိရတယ်” လို့ အီတလီနိုင်ငံ မီလန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ပြီးခဲ့တဲ့ တစ်လခွဲက အလားတူ စစ်သင်္ဘောငယ်တွေ ရောက်ရှိခဲ့ပေမယ့်လို့ ကီရာ့ခ်ျ ရေလက်ကြား ဖြတ်သန်းရေး စည်းမျဉ်း အားလုံးကို အတိအကျ လိုက်နာခဲ့တယ်”လို့လည်း ဆာဂျီလာရော့ဗ်က ပြောပါတယ်။
ဒါပေမယ့် အဆိုပါ ယူကရိန်း ရေတပ်သားတွေ တရားရင်ဆိုင်ရမယ့်ရက်ကို မသတ်မှတ်ရသေးဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။