A d v e r t i s e m e n t With Us

စားသုံးဆီ ၁၀ မျိုး စားသုံးရန်​သင့်မသင့် နမူနာကောက်ယူ၍ FDA ကို ပေးပို့စစ်ဆေးမည်

ဈေးကွက်​အတွင်း ရောင်းချနေတဲ့ စားသုံဆီ ၁၀ မျိုးကို နမူနာ​ကောက်​ယူပြီး ပြည်​သူ​တွေ စားသုံးဖို့ ​သင့်မသင့် FDA ကို ပေးပို့စစ်​​ဆေး​သွားမယ်လို့ ဖျာပုံခရိုင်​စားသုံးသူ အငြင်းပွားမှု ​ဖြေရှင်း​ရေးအဖွဲ့က ပြောပါတယ်။ နိုဝင်​ဘာ ၇ ရက်​​နေ့က ပြုလုပ်​​တဲ့ ၂၅ ကြိမ်​​မြောက်​ ဖျာပုံခရိုင်​ စားသုံးသူအငြင်းပွားမှု​ဖြေရှင်း​ရေးအဖွဲ့ လုပ်​ငန်းညှိနှိုင်း​ရေး အစည်းအ​ဝေးမှာ ဖျာပုံခရိုင်​စားသုံးသူ အငြင်းပွားမှု ​ဖြေရှင်း​ရေးအဖွဲ့ အတွင်း​ရေးမှူး ဦးမြင့်အောင်​က ပြောကြားလိုက်တာပါ။ ပြည်​သူ​တွေစားသုံး​နေတဲ့ ​ဈေးကွက်​ထဲ​ ​ရောင်းချ​နေ​သော စားသုံးဆီ အမှတ်​တံဆိပ်​ ၁၀ မျိုးကို နမူကောက်ယူသွားမှာဖြစ်ပြီး အဲဒီထဲမှာ FDA က ​ထောက်​ခံချက်​ရရှိထားတဲ့ ဧကရာဇ်​၊ သင့်မိတ်​​ဆွေ၊ ​မွှေးပျံသင်း၊ ဆိမ့်ဆိမ့်ဆမ်း၊ လာဘ်ရွှင်​ အမှတ်​တံဆိပ်​ ၅ မျိုးနဲ့၊ FDA က ​ထောက်​ခံချက်​မရရှိ​သေးတဲ့ မဟာမိတ်​၊ သူ​ဌေးမင်း၊ ​ရွှေမိုး၊ One Star၊ KI အမှတ်​တံဆိပ်​တွေ ပါဝင်ပါတယ်။ အဆိုပါ အမှတ်​တံဆိပ်​ဆီ ၁၀ မျိုးကို ဧရာဝတီတိုင်း​ဒေသကြီး FDA ကို ဓာတ်​ခွဲစမ်းသပ်​စစ်​​ဆေးနိုင်​ဖို့ ​ပေးပို့သွားမယ်​လို့ ဦးမြင့်အောင်က ပြောပါတယ်။ "ဒီဆီ​တွေကို ပြည်​သူ​တွေ စားသုံးရန်​ သင့်မသင့် ကျနော်​တို့အဖွဲ့က ​​ရောင်းချ​နေတဲ့​ ဈေးကွက်​ အထဲက နမူနာ ​ကောက်​ယူသွားမှာပါ။ နမူနာ​ကောက်​ယူလို့ရတဲ့ ဆီ​တွေကို တိုင်း FDA ကို ​ပေးပို့သွားမှာဖြစ်​ပါတယ်​။ FDAက စစ်​​ဆေးပြီးတဲ့အခါတော့ ပြည်​သူ​တွေ စားသုံးရန်​ သင့်မသင့် ညွှန်​ကြားချက်​နဲ့အညီ ​ဆောင်​ရွက်​သွားမှာ ဖြစ်​ပါတယ်။” ခရိုင်​၊ မြို့နယ်​​တွေမှာ ​ဈေးကွက်​အတွင်း ​ရောင်းချ​နေတဲ့ ဒီလိုဆီ​တွေကို စစ်​​ဆေးခြင်းအားဖြင့် ပြည်​သူ​တွေဟာ ကျန်းမာ​ရေးနဲ့ညီညွတ်​တဲ့ အစားအ​သောက်​​တွေကို​ဆောင်​ရန်​ ​ရှောင်​ရန်​ သိလာမယ်လို့ ဆိုပါတယ်။ အစည်းအ​ဝေးသို့ ခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦး​အေးလွင်​၊ ခရိုင်​နဲ့ မြို့နယ်​ ဌာနဆိုင်​ရာတွေ၊ စားသုံးသူ​ရေးရာ အဖွဲ့ဝင်​တွေ တက်​​ရောက်​ခဲ့​ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up