HIV ကူးစက်ခံရသူ ရေကန်အတွင်း သေဆုံးမှုကြောင့် ရေများကို စွန့်ထုတ်ဖယ်ရှား

2.3K
အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနာတာကာပြည်နယ် မိုရပ်ရွာမှာ ရေကန် တခုအတွင်း HIV ကူးစက်ခံရသူ လူတဦးအလောင်းကို တွေ့ခဲ့ပြီးနောက် ဒီဇင်ဘာလ ၆ ရက်နေ့က အာဏာပိုင်တွေဟာ အဲဒီ ရေကန်ထဲက ရေတွေကို ရေစုပ်စက်နဲ့ စွန့်ထုတ်ဖယ်ရှားပစ်ခဲ့ပါတယ်။
HIV ပိုးဟာ အများအားဖြင့် လိင်ကတဆင့်၊ သွေးသွင်းရာကနေ တဆင့် ဒါမှမဟုတ် မိခင်က သန္ဓေသားကို နို့တိုက်ရာကနေတဆင့် ကူးစက်တာ ဖြစ်ပေမယ်လို့ ရွာသားတွေက အဲဒီ ရေကန်ထဲက ရေတွေကိုစွန့်ထုတ်ပစ်ဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။
ဒါဝပ်ခရိုင် ဒုကော်မရှင်နာက HIV ပိုးရှိတဲ့ အမျိုးသမီးတဦး သေကြောင်းကြံစည်ခဲ့တဲ့ ရေကန်ထဲက ရေကို ရွာသားတွေက မသောက်နိုင်ဘူးလို့ ငြင်းဆန်နေတယ်။
သူတို့က အဲဒီရေကန်ထဲက ရေကို ဘယ်နည်းနဲ့မဆို စွန့်ထုတ်ပစ်ဖို့တောင်းဆိုနေတာလို့ ပြောခဲ့ပါတယ်။
ဒါကြောင့်မို့ အာဏာပိုင်တွေဟာ အဲဒီရေကန် ထဲက ရေတွေကို ၄ ရက်ကြာ ရေစုပ်စက်နဲ့ စွန့်ထုတ်ခဲ့ရပြီး အနီးဝန်းကျင် တူးမြောင်းထဲက ရေတွေနဲ့ ပြန်လည်ဖြည့်တင်းဖို့ကတော့ နောက် လေးငါးရက် ကြာနိုင်တယ်လို့ တာဝန်ရှိသူ တဦးကပြောခဲ့ပါတယ်။
အဲဒီ ရေကန် အကျယ်အ၀န်းဟာ ၃၂ ဧက ရှိပြီး မိုးခေါင်ဒေသမှာ နေထိုင်ကြတဲ့ စိုက်ပျိုးရေးနဲ့ အသက်မွေးသူ ဒေသခံ ၁၀၀၀ ကျော်အတွက် အဓိက သောက်ရေရင်းမြစ် ဖြစ်တယ်လို့ သိရပါတယ်။