“ဗ” အက္ခရာ ကားများကို အပ်နှံခွင့်ပြု
DVB
·
September 5, 2012
ယာဉ်အိုယာဉ်ဟောင်း အပ်နှံသူတွေကို ကားတင်သွင်းခွင့် ပါမစ် ၁ စောင်စီ ထုတ်ပေးနေတဲ့ အစီအစဉ်အရ ဒီနေ့ကစပြီး အနှစ် ၂၀ ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ “ဗ” အက္ခရာ ကားတွေကို လက်ခံနေကြောင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးရုံး တာဝန်ရှိသူနဲ့ ကားပိုင်ရှင်တွေရဲ့ ပြောပြချက် အရ သိရပါတယ်။
ကားပိုင်ရှင်တွေဟာ သူတို့ ကားတွေကို အပ်နှံပြီးရင် နိုင်ငံခြားကနေ ၁၉၉၆ မော်ဒယ်နဲ့ အထက် ကားတစီးစီ တင်သွင်းခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒီ ကားတွေကို နိုင်ငံခြားကနေ မှာပေးတဲ့ ပွဲစားကုမ္ပဏီတွေကနေ ဖြစ်စေ၊ ရန်ကုန်ကားပြခန်း အရောင်းဆိုင်တွေ ကနေ ဖြစ်စေ ၀ယ်ယူနိုင်မှာ ဖြစ်ပြီး အခွန်နဲ့ ယာဉ်မှတ်ပုံတင်ကြေး ၂ မျိုးပေါင်းကတော့ ကားအင်ဂျင်ပါဝါကိုလိုက်ပြီး ကားတန်ဖိုးရဲ့ ၁၅၀ ရာခိုင်နှုန်းနဲ့ အထက် ဆောင်ရ မှာ ဖြစ်ပါတယ်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေး အစီအစဉ်အရ လက်ရှိအချိန်အထိ ကားအစီးရေ ၆ သောင်းခွဲ နီးပါး သံရည်ကြိုစက်ရုံကို ပို့ပြီး ဖြစ်ပါတယ်။