နာမည်ကြီး Crazy Rich Asians ရုပ်ရှင်မှ သရုပ်ဆောင်မင်းသမီး ရွှေကမ္ဘာလုံးဆု ဆန်ကာတင် စာရင်းဝင်

ဓာတ်ပုံ - Getty Images
နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Crazy Rich Asians ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ကွန်းစတန့်စ်ဝူဟာ အခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆု လျာထားတဲ့ စာရင်းမှာ ဆန်ကာတင်အဖြစ် ရွေးချယ်ခံထားရပါတယ်။ ခုလိုရွေးချယ်ခံရမှုဟာ အာရှ အမျိုးသမီးသရုပ်ဆောင်တယောက် အနေနဲ့ ဒီဆန်ကာတင်စာရင်းမှာ နှစ်ပေါင်း ၄၄ နှစ်အကြာမှ ပထမဆုံး စာရင်းဝင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝူကတော့ ခုလိုရွေးချယ်ခံရတဲ့အပေါ် သူ့အနေနဲ့ မျှော်လင့်မထားခဲ့ဘဲ “လန့်သွားရုံတင်မကဘဲ ကျမ အံ့အားသင့် ပျော်ရွှင်ခဲ့ရတယ်” လို့ ပြောပါတယ်။ သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီ Crazy Rich Asians ရုပ်ရှင်ကားဟာလည်း အကောင်းဆုံး ဂီတဇာတ်မြူး အမျိုးအစား ရုပ်ရှင်ကားဆု ရရှိနိုင်ဖို့ ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်း ဝင်နေခဲ့တာပါ။ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ ထူးထူးခြားခြား အာရှသရုပ်ဆောင်တွေချည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ သြဂုတ်လက ရုံတင်ပြသခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၈ သန်းနီးပါး ရရှိခဲ့ကာ အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာ ဂျွန်အမ်ချူကတော့ တွစ်တာ အင်တာနက်စာမျက်နှာပေါ်မှာ ခုလို ဆန်ကာတင် ၂ ဆု စာရင်းဝင်တဲ့အပေါ် “သူ့သက်တမ်းတလျှောက် ဂုဏ်အယူရဆုံး” လို့ ရေးသားထားခဲ့တာပါ။ ဝူအနေနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ရွှေကမ္ဘာလုံးဆုရရှိဖို့ တခြား သရုပ်ဆောင်မင်းသမီး ၄ ဦးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Crazy Rich Asians ရုပ်ရှင်ကားကတော့ အမေရိကန်မှာ ကြီးပြင်းတဲ့ အာရှသူ မိန်းကလေးတယောက်ဟာ စင်ကာပူနိုင်ငံက ကျိကျိတက်ချမ်းသာတဲ့ ချစ်သူကောင်လေးနဲ့ တွေ့ဆုံချိန်မှာ မတူညီတဲ့ နောက်ခံအခြေအနေချင်း၊ ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့ကြရတဲ့ အကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up