သမ္မတဟောင်းဘုရှ်၏ ရုပ်အလောင်း သယ်ဆောင်မှု အမေရိကန်ပြည်သူ ထောင်ချီ ဂါရဝပြု

ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ အိတ်ခ်ျ ဒဗလျူ ဘုရှ်ရဲ့ ရုပ်အလောင်း တင်ဆောင်လာတဲ့ ရထား လမ်းဘေးဝဲယာကနေ ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ ဒီဇင်ဘာ ၆ ရက်က တန်းစီ ဂါရဝပြုခဲ့ပါတယ်။ ရထားဟာ ဟူစတန်မြို့ကနေ မိုင် ၈၀ ခန့်ဝေးတဲ့ ကောလိပ်စတေရှင်မြို့ကို ခုတ်မောင်းနေတာ ဖြစ်ပါတယ်။ အဲဒီမြို့က သမ္မတစာကြည့်တိုက်မှာ သမ္မတဟောင်း ဘုရှ်ရဲ့ ရုပ်အလောင်းကို မြှုပ်နှံသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဘုရှ်ရဲ့ ရုပ်အလောင်းကို Union Pacific Corp ပိုင် ရထားနဲ့ တင်ဆောင်ပြီး ဘေးတဖက်တချက်မှာ ကိန်းဂဏန်း “၄၁၄၁” နဲ့ “ဂျော့ခ်ျဘုရှ် ၄၁” ဆိုတဲ့ စာသားကို ရေးထိုးထားပါတယ်။ အဲဒီလို သယ်ဆောင်ရာမှာ အမေရိကန်ပြည်သူတွေက ရထားလမ်းဘေးဝဲယာကနေ သမ္မတဟောင်း ဘုရှ်ကို နောက်ဆုံးအကြိမ် တန်းစီ ဂါရဝပြုခဲ့ကြပါတယ်။ သမ္မတဟောင်း ဘုရှ်ရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဧပြီလက သေဆုံးခဲ့တဲ့ ဇနီးဖြစ်သူ ဘာဘရာဘုရှ်နဲ့ ၁၉၅၃ ခုနှစ်က သွေးကင်ဆာရောဂါနဲ့ သေဆုံးခဲ့တဲ့ သမီးဖြစ်သူ ရော်ဘင်တို့ရဲ့ အုတ်ဂူနံဘေးမှာ မြေမြှုပ်သင်္ဂြိုဟ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

//
More News
Up