Home
မြန်မာသတင်း
၂၀၁၉ ခုနှစ်အတွင်း ပင်စင်လစာတိုးပေးနိုင်ရန် ဆောင်ရွက်နေ
DVB
·
December 7, 2018
အငြိမ်းစားနိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်လစာကိုတိုးမြှင့်ပေးဖို့ စဉ်းစားသုံးသပ်နေပြီး လာမယ့်နှစ်မှာ တိုးပေးနိုင်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ အစိုးရက ပင်စင်လစာတွေတိုးပေးဖို့ ဘယ်လို ဆောင်ရွက်နေပြီး ဘယ်အချိန်မှာ တိုးပေးနိုင်မလဲလို့ ဒီကနေ့မနက် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့တာပါ။ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက" ပင်စင်ဝန်ထမ်းလစာကိုတိုးဖို့အတွက် ဘယ်လိုနည်းနဲ့ တိုးရင်ကောင်းမလဲဆိုပြီး သုံးသပ်နေပါတယ်။ ပေးနိုင်မယ့်အခြေအနေအပေါ်မှာ ကြည့်ပြီးတော့မှ သုံးသပ်ပြီးရင်တော့ အဖြေထွက်လာမှာပေါ့။ နှစ်နဲ့ချီပြီးတော့ မကြာပါဘူး။ သိပ်မကြာအောင် တော့လုပ်နေတယ်။ ၂၀၁၉ ခုနှစ်ထဲမှာဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။ အစိုးရရာထူးအဆင့်အသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာတွေကို မည်သည့်အချိန်တွင် အငြိမ်းစားယူခဲ့သည်ဖြစ်စေ၊ ရာထူးအဆင့်နဲ့ လုပ်သက်တူညီရင် တပြေးညီတူညီစွာ ခံစားခွင့်ပြုဖို့အစီအစဉ်ရှိ မရှိကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးရဲထွဋ်က ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။ ဒီမေးမြန်းချက်နဲ့ပတ်သက်ပြီးလည်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “နိုင်ငံ့ဝန်ထမ်းလစာနှုန်းတိုးမြှင့်တဲ့အချိန်တိုင်း အဲဒီအချိန်မတိုင်မီက အငြိမ်းစားယူခဲ့သူတွေရဲ့ ပင်စင်လစာတိုးမြှင့်သတ်မှတ်ပေးဖို့ကိစ္စဟာ နိုင်ငံတော်အစိုးရက နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေ အခြေအနေအပေါ် ချင့်ချိန်သုံးသပ်ဆုံးဖြတ်ရတဲ့ကိစ္စဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလ လစာနှုန်းတိုးမြှင့်ပြီးနောက် အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ တိုးမြှင့်နိုင်ရေးကိစ္စအပေါ် အစိုးရကသုံးသပ်ဆောင်ရွက်ဆဲဖြစ်ပါတယ်"လို့ လွှတ်တော်မှာ ပြောသွားပါတယ်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၅၂(ဇ)နဲ့အညီ ပင်စင်အကျိုးခံစားခွင့်အတွက် ၀န်ထမ်းတွေ ပင်စင်ယူတဲ့အချိန်ရှိ တည်ဆဲ နည်းဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ နောက်ဆုံး ထုတ်လစာကို အခြေခံတွက်ချက်ပြီး ခံစားခွင့်ပြုခဲ့တာဖြစ်လို့ အငြိမ်းစားယူတဲ့ အချိန်ကာလ ကွာခြားမှုအရ ပင်စင်လစာကွာခြားတာဖြစ်တယ်လို့ လည်း ပြောသွားပါတယ်။ အစိုးရက အငြိမ်းစားနိုင်ငံ ၀န်ထမ်းတွေရဲ့ ပင်စင်လစာကို ၂၀၁၁ ခုနှစ် ဇူလိုင်လကစ တိုးမြှင့်ပေးခဲ့သလို ၂၀၁၃၊၂၀၁၄နဲ့ ၂၀၁၅ ခုနှစ်တို့မှာလည်း ပင်စင်လစာတွေ တိုးပေးခဲ့ပါတယ်။ ၂၀၁၃ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် ၀န်ထမ်းတွေလစာ ကျပ် ၂၀၀၀၀ တိုးပေးခဲ့စဉ်ကလည်း တိုးမြှင့်လစာအပေါ်တည်ဆဲ ပင်စင်နည်းဥပဒေနဲ့ အညီတွက်ချက်ပြီး ပင်စင်လစာတိုးပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း ပင်စင်လစာအပြင် အနိမ့်ဆုံးဝန်ထမ်းတွေရဲ့ အခြေခံလစာနှုန်း တိုးပေးခဲ့တဲ့ ၄၅၀၀၀ ကျပ်အပေါ်မှာလည်း တိုးမြှင့်ပင်စင်လစာ ခံစားခွင့်ပြုခဲ့ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် အငြိမ်းစားလစာနဲ့ ဆုကြေးသုံးစွဲမှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ အငြိမ်းစားပင်စင်လစာ ကျပ် ၁၄၆ ဒသမ ၃၇၄ ဘီလီယံ၊ ဆုကြေး ၃၄ ဒသမ ၆၅၆ ဘီလီယံနဲ့ စုစုပေါင်း ၁၈၁ ဒသမ ၀၃၀ ဘီလီယံ သာရှိပေမယ့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ အငြိမ်းစားပင်စင်လစာ ၅၉၁ ဒသမ ၇၄၆ ဘီလီယံ၊ ဆုကြေး ၁၁၇ ဒသမ ၃၂၁ ဘီလီယံ၊ စုစုပေါင်း ၇၀၉ ဒသမ ၀၆၇ ဘီလီယံ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဧပြီလမတိုင်ခင်နဲ့ နောက်ပိုင်း ပင်စင်ခံစားနေတဲ့ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာကို ၂၀၁၈ ခုနှစ်ဧပြီမှာ တိုးမြှင့်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနှုန်းအတိုင်း တိုးပေးမယ်ဆိုရင် ကျပ် ၂၃၀ ဘီလီယံခန့် သုံးစွဲရမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လကုန်ထိ ပင်စင်ခံစားနေတဲ့ အငြိမ်းစားဦးရေပေါင်း ၈၁၂,၉၆၆ ဦးရှိပြီး နှစ်စဉ် ပင်စင်စားဦးရေ အသားတင် ၃၅,၀၀၀ ခန့် တိုးတက်နေတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံမှာ နှစ်စဉ် ပင်စင်စားဦးရေ ၄၀,၀၀၀ ကျော် တိုးလာနေပြီး ၅၀၀၀ လျော့နေတဲ့အတွက် တနှစ်ကို ပင်စင်စားဦးရေ အသားတင် ၃၅,၀၀၀ တိုးလာနေတယ်လို့လည်း ဒုဝန်ကြီးက လွှတ်တော်မှာ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024