
ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် အဖမ်းခံရပြီးနောက် ရှယ်ယာဈေးများ ကျဆင်း

Email This Story :
ဟွာဝေး နည်းပညာကုမ္ပဏီရဲ့ ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ် (CFO) ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာ ၆ ရက်နေ့က တရုတ်နဲ့ ဟောင်ကောင်ရှိ စတော့ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်။
ဟွာဝေးဘုတ်အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌတဦးဖြစ်ပြီး ကုမ္ပဏီတည်ထောင်သူ ရန်ကျန်းဖေးရဲ့ သမီးဖြစ်သူ မန်ဝမ်ဟောင်ဟာ အမေရိကန်အစိုးရ ဒဏ်ခတ်မှုစည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ကနေဒါနိုင်ငံမှာ ဖမ်းဆီးခံရတာပါ။
မန်ဝမ်ဟောင်ဟာ အမေရိကန်နိုင်ငံကို ပြန်လည်ပို့ဆောင်ခံရမှာ ဖြစ်တယ်လို့လည်း ကနေဒါ တရားရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီသတင်းကြောင့် နည်းပညာကုမ္ပဏီတွေနဲ့ ဟာ့ဒ်ဝဲလ်ရောင်းချသူ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေ မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။
ဟောင်ကောင် ဟန်ဆန် စတော့အိတ်ချိန်းက IT hardware အညွှန်းကိန်းဟာ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နည်းပညာကုမ္ပဏီတွေရဲ့ တဆင့်ခံ အညွှန်းကိန်းကတော့ ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်း စတော့အိတ်ချိန်းမှာတော့ နည်းပညာကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတွေဟာ ၂,၆၁၂.၆၄ မှတ်နဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး blue-chip CSI300 အညွှန်းကိန်းဟာ ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။