Home
မြန်မာသတင်း
အဂတိလိုက်စားမှုကြီးများကို အများပြည်သူဆိုင်ရာအဖွဲ့အစည်းများဖြင့် တားဆီးကာကွယ်ရမည်
DVB
·
December 6, 2018
ကြီးမားတဲ့ အဂတိလိုက်စားမှုတွေကို အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေနဲ့  တားဆီးကာကွယ်ရမယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှာ ဒီဇင်ဘာ ၅ ရက်မှာလုပ်ခဲ့တဲ့  “တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “ကြီးမားတဲ့ အဂတိလိုက်စားမှုတွေဟာ  အစိုးရဌာနတွေအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအကြားမှာ များသောအားဖြင့် ဖြစ်ပွားလေ့ရှိတဲ့ အဂတိလိုက်စားမှု အတန်းအစားဖြစ်တယ်။ အဲ့ဒီ အဂတိလိုက်စားမှုတွေကို တားဆီးကာကွယ်ရာမှာ  အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ပဲ တားဆီးကာကွယ်ရမှာ ဖြစ်ပါတယ်။”လို့ ဦးအောင်ကြည်က ပြောပါတယ်။ နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့လအတွင်း လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေသစ်အရ ကော်မရှင်အနေနဲ့  နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်မှု ထိခိုက်နစ်နာဆုံးရှုံးစေမှုကို အကာအကွယ်ပေးတာ၊ ခိုင်လုံတဲ့ အထောက်အထားရှိတယ်လို့ ကော်မရှင်ကယုံကြည်နိုင်တဲ့ ကျော်စောသတင်းရှိရင် စုံစမ်းစစ်ဆေးခွင့်ရှိတာ၊ စီးပွားရေး လုပ်ငန်းတွေရဲ့ ဖြောင့်မတ်တည်ကြည်မှုအတွက် အမိန့်ထုတ်ပြန်ခွင့်ရှိတာ၊ ဖြောင့်မတ်တည်ကြည်မှု ပညာပေးလုပ်ငန်းကို မူလတန်းက စပြီး သင်ကြားနိုင်တာတွေ လုပ်ပိုင်ခွင့် ရှိထားပါတယ်။ ဒါ့အပြင် အစိုးရဌာနဆိုင်ရာတွေ အပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေနဲ့  ပုဂ္ဂလိကလုပ်ငန်းတွေဟာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တဘက်က ဆောင်ရွက်နေသလို အခြားတဘက်မှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အတူလက်တွဲဆောင်ရွက်ရေး မူဘောင်ကို အကောင်အထည် ဖော်သွားမယ့် မဟာဗျုဟာ စီမံချက်ကို ရေးဆွဲခဲ့ပြီး လည်း ဖြစ်ပါတယ်။ ဒီမူဘောင်ကို နိုင်ငံတော် သမ္မတရုံးကိုတင်ပြပြီး ခွင့်ပြုချက်အရအကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024