မန္တလေးနန်းတွင်းရှိ တပ်မတော်ဂိုဒေါင်ကို တပ်သားတဦးက အရက်မူးပြီးမီးရှို့
Aung Aung Naing
·
December 5, 2018
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ နန်းတွင်းထဲက တပ်မတော် ဆက်သွယ်ရေး ဂိုဒေါင်တလုံး ဒီဇင်ဘာ ၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
တပ်သားတဦးက အရက်မူးပြီး မီးရှို့ခဲ့ရာက မီးလောင်မှုဖြစ်ပွားခဲ့တာလို့ မန္တလေးခရိုင်မီး သတ်တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
“မီးလောင်ရတဲ့ အကြောင်းအရင်း သိရပါပြီ။ တပ်မတော်သားတဦးက အရက်မူးပြီး ဂိုဒေါင်ကို မီးရှို့တာပါ။ နာမည်တော့ မပြောတော့ဘူး။ တပ်မတော်သားတဦးလို့ပဲ ပြောချင်ပါတယ်”
နန်းတွင်းထဲက တပ်မတော် ဆက်သွယ်ရေး ဂိုဒေါင်အဟောင်း (၁၆ × ၃၀) အုတ်ကြွတ်မိုး နံကပ်တထပ်နဲ့ ဆက်စပ်ပစ္စည်း အဟောင်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၆ သိန်းလောက် ဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားတာတော့ မရှိသေးပါဘူး။