Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုချီးမြှင့်
DVB
·
December 5, 2018
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်းပြည်နယ်၊ တီးတိန် (ဇိုမီး)အဖွဲ့က ချင်းသူရဲကောင်းဘွဲ့(Gal Hang Pah Tawi Na Award) ဂုဏ်ပြု ချီးမြှင့်လိုက်ပါတယ်။ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး Rev.Fr. Joseph Thang Nen Zo Mung  ဦးဆောင်တဲ့အဖွဲ့က ဒီဇင်ဘာ၎ရက် မွန်းလွဲပိုင်းမှာ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာကို လာရောက်ပြီး ဆုချီးမြှင့်ပေးအပ်ခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်က သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲနေတဲ့ကာလမှာ တပ်မတော်က မားမားမတ်မတ်ရပ်တည်ပေးတာ၊ တိုင်းပြည်နဲ့ လူမျိုးအတွက်ကာကွယ်ပေးတာ၊  ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်နဲ့လဲ ကာကွယ်တဲ့ အရည်အချင်းပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်ခုလို ဆုချီးမြှင့်တာလို့ ဆိုပါတယ်။ ဘုန်းတော်ကြီး Rev.Fr. Joseph Thang Nen Zo Mung က “ချင်းသူရဲကောင်းဘွဲ့ အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပေးအပ်နိုင်တဲ့အတွက် များစွာဝမ်းမြောက်ရတယ်၊ ဒီနေ့ဟာ ချင်းတိုင်းရင်းသားတွေအတွက် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်တဲ့ နေ့ဖြစ်တယ်။ တပ်မတော်ဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍတွေမှာ ပါဝင်ထမ်းဆောင်နေသကဲ့သို့ အမိနိုင်ငံတော်ကို ကာကွယ်ခဲ့တဲ့တပ်မတော်ဟာ ပြည်သူတွေရဲ့ လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် အောင်မြင်စွာ လျှောက်လှမ်းနိုင်အောင်ဆောင်ရွက်ပေးခဲ့တာဟာ သမိုင်းဝင်ဆောင်ရွက်ချက် တခု ဖြစ်တယ်။ မိမိတို့ ချင်းတိုင်းရင်းသားတွေအနေနဲ့ တပ်မတော်နဲ့အတူ အမြဲရပ်တည် ဆောင်ရွက်နေမယ်”လို့ ပြောပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း သူ့ကို ခေါင်းဆောင် တဦးအနေနဲ့ အသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် တန်ဖိုးထားတဲ့အကြောင်းပြန်လည် ပြောကြားပါတယ်။ “ချင်းပြည်နယ်ဟာ အရင်ကတည်းက လက်နက်ကိုင် ပဋိပက္ခတွေမရှိခဲ့တဲ့ ဖြူစင်ပြီးသားနယ်မြေဖြစ်လို့ အရောင်မစွန်းစေလိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ချင်းပြည်နယ်အတွင်း ဝေးလံခေါင်းပါးတဲ့ ဒေသတွေရှိ  ဒေသခံပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် တပ်မတော်က ကူညီဆောင်ရွက်ပေးနေသလို ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးနေတယ်” အဆိုပါ ချင်းသူရဲကောင်းဘွဲ့ဟာ မြောက်ပိုင်းချင်းတိုင်းရင်း သားတွေရဲ့ အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်ပြီး ချင်းတိုင်းရင်းသားသူရဲကောင်းတွေ ကိုင်ဆောင်ခဲ့တဲ့ ဓားနဲ့ ပုံစံတူပြုလုပ်ထားတဲ့ ချင်းသူရဲကောင်းဘွဲ့အထိမ်းအမှတ်ဓားကိုလည်း ကာကွယ်ရေးဦးစီးချုပ်ထံ ပေးအပ်ခဲ့ပါတယ်။ ဓာတ်ပုံ-ကာကွယ်ရေးဦးစီးချုပ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024