ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ခဲ့သူများ မြို့နယ်တရားရုံး ၅ ရုံးတွင်တရားရင်ဆိုင်နေရ
DVB
·
December 4, 2018
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ခဲ့သူများကို မြို့နယ်တရားရုံး ၅ ရုံးမှာ အမှုစစ်နေတဲ့အပေါ် ရုံးပေါင်း စစ်ဆေးခွင့်လျှောက်ထားချက်နဲ့ ပတ်သက်ပြီး ကယားပြည်နယ် တရားလွှတ်တော်မှာ ဒီဇင်ဘာ ၁၂ရက်နေ့မှာ နှစ်ဖက် ကြားနာဖို့ရှိနေပါတယ်။
တရားစွဲဆိုခံခဲ့ရသူတွေဟာ မြို့နယ် ၅ မြို့နယ်မှာလှည့်ပြီး တရားရင်ဆိုင်နေရတာကြောင့် အမှုတွေကို တရားရုံးတခုထဲမှာပဲ တပေါင်းတည်းလွှဲပြောင်းစစ်ဆေးခွင့်ပြုဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆က ပြည်နယ်တရားလွှတ်တော်မှာ လျှောက်ထားခဲ့တာပါ။
အမှုသည်တွေရဲ့ရှေ့နေဦးဝင်းထွန်းအောင်က “လွိုင်ကော်မြို့နယ်မှာ ၁ မှု၊ ဒီမောဆိုမြို့နယ်မှာ ၂ မှု၊ ဖရူဆိုမြို့နယ်မှာ ၁ မှု၊ ဘောလခဲမှာ ၁ မှု၊ ဖားဆောင်မြို့နယ်မှာ ၁ မှု၊ အားလုံးငါးမြို့နယ်မှာ ၆မှုကို လှည့်ပြီး တရားရင်ဆိုင်နေရတာကြောင့် သွားရလာရတာ အဆင်မပြေမှုတွေနဲ့ ကြုံနေရပြီ ရုံးချိန်းတွေကို သွားလာနေရတာ အချိန်မီ မရောက်နိုင်တဲ့အတွက် အမှုသည်တွေဟာ လူရောစိတ်ပါ ပင်ပန်းနေတာကြောင့် လွိုင်ကော်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် တရားရုံးတခုမှာ တပေါင်းတည်းစစ်ဆေးစီရင်ခွင့်ပေးဖို့ လျှောက်ထားခဲ့တာ” လို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ဖားဆောင်းမြို့နယ်ကဒေသခံတွေက မော်ချီး - မယ်စဲ့ ကားလမ်းဆုံကနေ လွိုင်ကော်အထိ လာရောက်ကန့်ကွက်ဆန္ဒပြခဲ့သလို ကရင်နီ သမိုင်းအမှန် စာရွက်တွေ ဖြန့်ဝေခဲ့ကြပါတယ်။
ဒီလုပ်ရပ်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တဲ့ရာဇဝတ်မှု တစုံတရာကို ကျူးလွန်လာအောင်နဲ့ လူမျိုးစုအချင်းချင်း ပြစ်မှုကျူးလွန်လာအောင် လှုံ့ဆော်တဲ့အကြံနဲ့ ကန့်ကွက်စာတွေကို ဖြန့်ဝေတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကနေ ပုဒ်မ ၅၀၅ (ခ) နဲ့ ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားခဲ့တဲ့ အမှုလည်းဖြစ်ပါတယ်။