ထိုင်း-မြန်မာနယ်စပ်၌ ၀က်သက်ရောဂါကူးစက်ဖြစ်ပွားနေသဖြင့် ကျောင်းအချို့ပိတ်ထား
နန်းမြနဒီ
·
December 4, 2018
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်ထဲမှာ မြန်မာကလေးအများစုပါဝင်တဲ့ ကလေးငယ် ၁၃ ဦး ၀က်သက်ရောဂါကူးစက် ဖြစ်ပွားနေလို့ ရပ်ကွက်ထဲက စာသင်ကျောင်းတွေ ခေတ္တပိတ်ထားရတယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မဲ့လမတ်မြို့ မဲ့ကျလောအုပ်စုထဲက ကျောင်းတကျောင်းမှာ ကလေးတွေ ၀က်သက်ရောဂါဖြစ်နေတယ်လို့ သတင်းအရ ပြည်သူ့ကျန်းမာရေးဌာနက ၀န်ထမ်းတွေ ပါတဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၂ ရက်က အဆိုပါစာသင်ကျောင်းကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ ကလေး ၁၃ ဦးမှာ ၀က်သက်ပေါက်နေပြီး ၆ ဦးမှာ မယ်လမတ်ဆေး ရုံတင်ထားရကြောင်း၊ ကျန်တဲ့ ၇ ဦးကတော့ ရောဂါမပြင်းထန်လို့ ရပ်ကွက်ဆေးပေးခန်းမှာပဲ ကုသစေတယ်လို့ ဆိုပါတယ်။
ကျန်တဲ့ကလေးတွေပါ နောက်ထပ်ကူးစက်မှာစိုးတဲ့အတွက် ကျန်းမာရေးဌာနက အဆိုပါ စာသင်ကျောင်းကို ယာယီပိတ်ထားဖို့၊ အခြေအနေငြိမ်သက်ကောင်းမွန်လာမှ ပြန်ဖွင့်ဖို့ ညွန်ကြားထားပါတယ်။
ဒါ့အပြင် ၀က်သက်ပေါက်နေသူတွေနဲ့ နီးနီးကပ်ကပ် လက်ပွန်းတတီးမနေဖို့၊ သုံးရက်ဆက်တိုက်ဖျားရင်၊ အဖုပေါက်ရင်၊ ချောင်းမပြတ်ဆိုးရင် ဆေးရုံဆေးခန်းမှာ လာရောက်ပြသဖို့ ကျန်းမာရေးဌာန၀န်ထမ်းတဦးက တိုက်တွန်းပါတယ်။
မဲ့လမတ်မြို့နယ်ထဲမှာ ၀က်သက်ရောဂါ ကူးစက်ပြန့်ပွားနေလို့ နယ်မြေထဲက လူတွေကူး စက်ရောဂါကာကွယ်ဆေးထိုးနိုင်ဖို့အတွက် ကာကွယ်ဆေး ပုလင်းပေါင်း ၁၅၀၀ ထောက်ပံ့ပေးဖို့ ကျေးရွာကျန်းမာရေးဌာနက အကူအညီတောင်းခံထားတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။