Home
မြန်မာသတင်း
သတင်းအချက်အလက်ဗဟိုဌာနကြီး ဒေါ်လာသန်း ၉၀ ကျော် ချေးငွေယူ တည်ဆောက်မည်
DVB
·
December 3, 2018
အမေရိကန် ဒေါ်လာသန်း ၉၀ ကျော် ချေးငွေယူ တည်ဆောက်မယ့် သတင်းအချက်အလက် ဗဟိုဌာနကြီးကို သဘောတူခွင့်ပြုပေးဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ပြည်ထောင်စု လွှတ်တော်မှာ တင်ပြတောင်းခံထားပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားပြုပြီး အစိုးရဝန်ကြီးဌာန အားလုံးရဲ့ သတင်း အချက်အလက်တွေကို စုစည်းပေးထားမယ့်  သတင်းအချက်အလက် ဗဟိုဌာနကြီး တခုကို တည်ဆောက်ထားရှိဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၃ ရက်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတောင်းခံလိုက်တာပါ။ ဌာန တည်ဆောက်ဖို့ ကုန်ကျစရိတ်ကိုတော့ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေထံကနေ အမေရိကန်ဒေါ်လာ ၉၃ သန်းကျော် ချေးယူသုံးစွဲမှာဖြစ်သလို နိုင်ငံတော်ဘတ်ဂျက်ကနေလည်း ကျခံသုံးစွဲသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က ပြောပါတယ်။ သတင်းအချက်အလက် ဗဟိုဌာနကြီးမှာ အစိုးရနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန အာလုံးရဲ့ အချက်အလက်တွေကိုသိမ်းဆည်းထားမှာဖြစ်ပြီး သဘာဝဘေးကြောင့် အချက်အလက်တွေ ဆုံးရှုံးသွားနိုင်တာတွေအတွက်လည်း စီစဉ်ထားပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ အရေးကြီးတဲ့ အချက်အလက်တွေကိုတော့ သတင်းအချက်အလက် ဗဟိုဌာနကြီး အပြင် အရန်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး သန်လျှင်မြို့နယ်ရှိ ဂြိုဟ်တု ဆက်သွယ်ရေးစခန်းမှာ Rack အလုံး ၁၀၀ ပါဝင်တဲ့ Disaster Recovery Center (DRC)ကို တည်ဆောက်ပြီး သိမ်းဆည်းသွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဝန်ကြီးဌာနတွေအနေနဲ့ ကိုယ်ပိုင်ဒေတာစင်တာအသေးစားတွေ တည်ဆောက် အသုံးပြုနေကြတဲ့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေများစွာ ကုန်ကျနေရပြီး ဒီကုန်ကျစရိတ်တွေအာလုံး စုစည်းနိုင်ဖို့၊ လုံခြုံရေးကောင်းမွန်စေဖို့နဲ့ ကုန်ကျစရိတ်သက်သာစေဖို့ ရည်ရွယ်တဲ့အပြင် ကမ္ဘာ့နိုင်ငံတွေနည်းတူလုပ်ဆောင်တာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024