ဖိလစ်ပိုင်သမ္မတကို ဝေဖန်သည့် သတင်းထောက်အား အခွန်ချိုးဖောက်မှုစွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ - SCMP
1.6K
ဖိလစ်ပိုင်သတင်းထောက်နဲ့ အွန်လိုင်းသတင်းဌာန ရပ်ပ်လာရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ မာရီယာ ရက်စ်ဆာက သူ့ကို အခွန်ချိုးဖောက်မှုစွဲချက်နဲ့ ဖမ်းဝရမ်း ထုတ်ထားပြီးပြီလို့ သတင်းထောက်တွေကို ပြောရင်း အပြစ်မရှိကြောင်း ကြေညာခဲ့ပါတယ်။
သူမဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီဇင်ဘာ ၂ ရက်က ရောက်လာတာပါ။
၂၀၁၅ ခုနှစ်က အခွန်ကိစ္စကို မကြေညာဘဲ ထားအပြီး တိုင်းပြည်ရဲ့ အခွန်ဥပဒေတွေကို ချိုးဖောက်မှုနဲ့ သူ့ကို ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာနက အောက်ရုံးမှာ အရင်အပတ်က တရားစွဲခဲ့ပါတယ်။
ရပ်ပ်လာဟာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကို မကြာခဏ ဝေဖန်တဲ့ သတင်းဌာန ဖြစ်ပါတယ်။
"ဒူတာတေးရဲ့ မူးယစ်စစ်ပွဲနဲ့ နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်တွေ၊ အများပြည်သူကို ကြေညာချက်တွေရဲ့ တိကျခိုင်လုံမှုတွေကို မေးခွန်းထုတ်လေ့ရှိပါတယ်။ ဒါဟာ ကျမအတွက် အခင်းအကျင်းအသစ်ပဲ။ ပဋိပက္ခဇုန်တွေ၊ စစ်ဖြစ်နေတဲ့ နေရာတွေမှာ လမ်းကြောင်းရှာရတာ ပိုလွယ်တယ်။ အခုဟာက လူမှုကွန်ရက်မီဒီယာကမ္ဘာမှာ တရားရေးလက်နက်စွဲကိုင်ပြီး လမ်းကြောင်းရှာရတယ်။ ကျမတို့နိုင်ငံထဲမှာ တရားဥပဒေလက်နက် စွဲကိုင်တာ ဆက်လုပ်မယ်၊ စိန်ခေါ်မယ်" လို့ သူက ပြောပါတယ်။
ဆက်လက်ပြီး သူက "အခွန်ရှောင်တာ မဟုတ်ဘူး။ ကျမ မတူတဲ့နိုင်ငံ အများအပြားမှာ အလုပ်လုပ်ခဲ့တယ်။ တချို့အချိန်တွေမှာ တပြိုင်တည်း ၃ နိုင်ငံမှာ အခွန်ဆောင်ရတာတောင် ရှိတယ်။ ကျမရဲ့ကုမ္ပဏီက မှန်မှန်ကန်ကန် အခွန်ပေးနေတယ်။ အစိုးရက သတင်းအုပ်စုအစား စတော့ရှယ်ယာပွဲစား အေဂျင်စီလို့ အမျိုးအမည်ပြောင်းပြီး မသတ်မှတ်ရင်ပေါ့။ တရားရုံးမှာ စွဲချက်တွေကို ရင်ဆိုင်မယ်။ ရေရှည်မှာ နိုင်မယ်ဆိုတာ သံသယမရှိဘူး" လို့လဲ ဆိုပါတယ်။
ရက်စ်ဆာကတော့ သူနဲ့ သူ့လုပ်ငန်းအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေက မခိုင်လုံဘူး၊ တိုက်ပွဲဝင်သွားမယ်၊ အာမခံရရေး ကြိုးစားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။