Home
မြန်မာသတင်း
တရုတ်ချေးငွေဖြင့် ရထားတွဲများဝယ်ယူရန် ပြည်ထောင်စုလွှတ်တော်ခွင့်ပြု
ရွှေအောင်
·
December 3, 2018
တရုတ်နိုင်ငံထံက ယွမ်ငွေသန်း ၈၀ အတိုးမဲ့ ချေးငွေယူပြီး မီးရထားတွဲဆိုင်းသစ်တွေ ၀ယ်ယူဖို့  ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။ ဒီဇင်ဘာ ၃ရက် ပြည်ထောင်စုလွှတ်တော်မှာ တရုတ်ချေးငွေနဲ့ ရထားတွဲ ၂၈ တွဲ ၀ယ်ယူမယ့်ကိစ္စကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနတို့က ၀န်ကြီးနဲ့ ဒုဝန်ကြီးတို့က ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်း လင်းတင်ပြခဲ့ကြပါတယ်။ အဲ့ဒီနောက် ချေးငွေကိစ္စကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ထောက်ခံသူများလို့ ငွေချေးဖို့ ခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “မြန်မာနိုင်ငံမှာ မီးရထားစက်ခေါင်း၊ တွဲဆိုင်း၊ လမ်းပိုင်းတို့ကို ထုတ်လုပ်နိုင်ခြင်း မရှိသေးတဲ့အတွက် ခေတ်အဆက်ဆက် ပြည်ပချေးငွေနဲ့ပဲ မီးရထားလုပ်ငန်းလုပ်ခဲ့ကြရတယ်။ မြန်မာ့မီးရထားမှာ ပြည်ပချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၉ ဘီလီယံ ရှိနေတယ်”လို့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒါ့အပြင် လစာ၊ရိက္ခာ၊ပင်စင်နဲ့ နောင်ရေးလုံခြုံမှု ဘာတခုမှ မရှိသေးချိန်ဖြစ်လို့ မြန်မာ့မီးရထားက ၀န်ထမ်းတွေကို ၀န်ဆောင်မှုအပြည့်ပေးနိုင်ဖို့ လုပ်ရတာ အင်မတန် ခက်တယ်လို့လည်း ဦးသန့်စင်မောင်က ပြောပါတယ်။ “၀န်ဆောင်မှုအပြည့် ရှိရမယ်ဆိုတဲ့ ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်ကို ပြောင်းဖို့ရာအတွက် အချိန်ယူရပါတယ်။ ဒီနေရာမှာ လစာရိက္ခာ၊ ပင်စင်၊ နောင်ရေးလုံခြုံမှုအတွက် အာမခံနိုင်မှု မရှိသေးတဲ့ ဒီနေ့အချိန်မှာ စိတ်ဓာတ်အပြုအမူတွေ ပြောင်းဖို့ရာအတွက် အတော့်ကိုကြိုးစား နေရတာ ဖြစ်ပါတယ်” တရုတ်ချေးငွေနဲ့ ရထားတွဲဆိုင်းဝယ်မယ့်ကိစ္စကို နိုဝင်ဘာ ၁၅ရက်က လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တုန်းက မီးရထားဝန်ထမ်းတွေ မှောင်ခိုလက်မှတ်ရောင်းတာမျိုး ရှိနေသေးတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ လတ်တလော ပြေးဆွဲနေတဲ့ မီးရထားလမ်းပိုင်း ၃၇ ခုစလုံး အရှူံးပေါ်နေတယ်လို့လည်း  ပြည်ထောင်စုဝန်ကြီးက ပြောသွားပါတယ်။ လတ်တလောမှာ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ အကူအညီနဲ့ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၊ ပဲခူး-မော်လမြိုင်လမ်းပိုင်းစတဲ့ ရထားလမ်းပိုင်း ၅ခုကို ပြင်ဆင်ဖို့ စီစဉ်လုပ်ဆောင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024