ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ကို အချိန်ကာလထက် အရည်အသွေး ဦးစားပေးရန် ညွှန်ကြား
ပြည့်ဘုန်းအောင်
·
December 2, 2018
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေးအတွက် ၆ နှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့ပြီဖြစ်လို့ အချိန်ကာလထက် ရုပ်ရှင်အရည်အသွေးကောင်းမွန်ရေးကိုပဲ အလေးထားဖို့ ဒါရိုက်တာ လူမင်းကို ညွှန်ကြားထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီရဲ့ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမျိုးသားကဇာတ်ရုံမှာ ဒီဇင်ဘာ ၂ ရက်နေ့ ပြုလုပ်ခဲ့ပြီး ဝန်ကြီးက ပြောကြားခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မူလက ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဇာတ်ညွှန်း ဒါရိုက်တာအဖြစ် တာဝန်ပေးထားပေမယ့် လက်ရှိမှာတော့ ဒီတာဝန်တွေကို သရုပ်ဆောင် လူမင်းက ပြောင်းလဲတာဝန်ယူထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ကျပ်သိန်းပေါင်း ၁ သောင်းခွဲ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ကားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပြသနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၂ ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ် နှစ် ၁၀၀ ရာပြည့် မွေးနေ့မှာ ပြသဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆ နှစ်အတွင်း ၁၁ မိနစ်စာ ဇာတ်ဝင်ခန်းတခုပဲ ရိုက်ကူးနိုင်ခဲ့တာကြောင့် ဝေဖန်တာတွေ ရှိနေတာပါ။