Home
မြန်မာသတင်း
စစ်တွေ ကယ်ဆယ်ရေးစခန်းများတွင် လူကုန်ကူးသူများက ကျပ် ၇ သိန်းထိယူ၍ တဖက်နိုင်ငံ ပို့နေ
DVB
·
December 2, 2018
စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းတွေမှာ လူကုန်းကူးပွဲစားတွေက လူတဦးကို ၄ သိန်းကနေ ၇ သိန်းအထိ တောင်းယူပြီး တဖက်နိုင်ငံကို ပို့ပေးနေတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ သက်ကယ်ပြင်ကျေးရွာ၊ သဲချာင်း၊ ခေါင်းဒုက္ခာ၊ ဘောဒူမ အပါအဝင် ကယ်ဆယ်ရေးစခန်းတွေမှာ လူကုန်ကူးပွဲစားတွေက တဖက်နိုင်ငံသွားဖို့ ဈေးခေါ်ညှိနှိုင်းပို့ဆောင်နေတာလို့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်သူတွေက ဒီဗွီဘီကို ပြောပါတယ်။ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတဦးက “ပွဲစားမပါဘဲ ဒီအလုပ်ကဘယ်လိုလုပ်ဖြစ်မလဲ။ လူပွဲစားပါလို့ ဒီအလုပ်ကဖြစ်တာပေါ့။ အဲ့ဒါက ဒီနေရာမှာ ပွဲစားတွေ မရှိဘူးဆိုရင် ဒီလူတွေလည်း ဒီကနေထွက်လို့မရဘူး။ ပွဲစားခ ၄ သိန်းကနေ ၆ သိန်း၊ ၇ သိန်း ပေးရတယ်လို့ကြားထားတယ်။ အမှန်တကယ်လုပ်ရမှာက ပွဲစားတွေကို လုပ်ရမှာ။ ပွဲစားတွေမရှိဘူးဆိုရင် ဒီလူတွေလည်း ဒီကနေထွက်လို့ မရဘူး”လို့ပြောပါတယ်။ အမည်မဖော်လိုသူ ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူတဦးက “ပထမ တခါနှစ်ခါတုန်းကလည်း လူပွဲစား နှစ်ယောက်သုံးယောက်က ဆွယ်ပြီးတော့ ဒီလိုဒီလိုရှိတယ်၊ ဒီနေရာထက် ဟိုနေရာက ပိုပြီးကောင်းတယ်၊ အဆင်ပြေတယ်၊ အဲ့လိုအမျိုးမျိုးပြောတော့ စိတ်တမျိုးဖြစ်သွားကြတယ်လေ။ အဲ့ဒီကနေတဆင့် ဈေးညှိနှိုင်းထွက်သွားတာ” လို့ပြောပါတယ်။ ဒီလိုလူကုန်ကူပွဲစားတွေကနေတဆင့် မသွားကြဖို့ လှေနဲ့ ထွက်ခွာမယ့်သူတွေကို နီးစပ်ရာသူတွေကတဆင့် အကြိမ်ကြိမ်ပြောဆိုတာရှိပေမယ့် လက်ရှိနေထိုင်ရာမှာ စားဝတ်နေရေး ကျပ်တည်းတာတွေ၊ အလုပ်အကိုင် အဆင်မပြေတာနဲ့ လွှတ်လပ်စွာသွားလာခွင့်မရှိတာကြောင့် ပိုမိုထွက်ခွာသူတွေ များကြတာလို့ ဆိုပါတယ်။ သက်ကယ်ပြင်ကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့ လူငယ်တဦးက “ဒီမှာက ကျနော်တို့ကို WFP ထောက်ပံပေးတာတွေရှိတယ်။ UN အဖွဲ့အစည်းတွေကလည်း အများကြီး ထောက်ပံ့ ပေးထားပါတယ်။ ကန့်တွေမှာ နေထိုင်သူတွေအပါအဝင်ပေါ့လေ။ အစိုးရဘက်ကလည်း ကျနော် လုံခြုံရေး တွေပေးထားပါတယ်။ ပြဿာနာတွေတစုံတရာဖြစ်တာတော့မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့တွေ ရေရှည်အတွက် ဘဝကို ဘလောက်အာမခံချက်ပေးနိုင်မလဲ၊ စီးပွားရေး၊ ကျန်းမာရေးပညာရေးစတာတွေ အရာရာမှာ နိမ့်ကျနေတယ်။ ဒါကြောင့်ဒီလူတွေတဖြည်းဖြည်းနဲ့ထွက်ခွာနေကြတာ” လို့ ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီးရရှိခဲ့တဲ့ ဘင်္ဂါလီ ၉၃ ဦးအား အဓိက လူကုန်ကူးသူပွဲစား ၅ ဦးကိုလည်း တာဝန်ရှိသူတွေ မနေ့က ဖမ်းဆီးလိုက်ပါတယ်။ မြိတ်ကျွန်းစုရေပြင် တနင်္သာရီကျွန်းအနီးမှာလည်း နိုဝင်ဘာလ ၂၉ ရက်နေ့က ကမ်းကပ်ဖို့ ဝင်လာတဲ့ ဘင်္ဂါလီလူမျိုး ၃၈ ဦးပါ လှေတစ်စီးကို တပ်မတော်ရေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နေရပ်ပြန်ပို့ခဲ့ပါတယ်။ သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024