ကာကွယ်ရေးဝန်ကြီး ပြောင်းလဲခန့်အပ်
DVB
·
September 4, 2012
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆိုပြုတင်ပြချက်အရ လက်ရှိ ကာကွယ်ရေးဝန်ကြီး တာဝန်ယူနေသူ ဒု - ဗိုလ်ချုပ်ကြီးလှမင်း နေရာမှာ ဒု - ဗိုလ်ချုပ်ကြီးဝေလွင်ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ဘက်ကို အကြောင်းကြားပါတယ်။ လွှတ်တော်က အတည်ပြုပြီးရင် ဒု - ဗိုလ်ချုပ်ကြီးဝေလွင်ဟာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။
အရင် စစ်အစိုးရက အတင်းအကျပ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးနေရာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နာမည်စာရင်းပေးသူကို သမ္မတက ခန့်အပ်ပြီး လွှတ်တော်က အတည်ပြုပေးရတာ ဖြစ်ပါတယ်။
ဒု - ဗိုလ်ချုပ်ကြီးဝေလွင်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒု-သမ္မတ ခန့်အပ်မယ့် အစီအစဉ် ထွက်ပေါ်လာစဉ်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူး လက်ခံနိုင်ဖို့ တိုင်းလွှတ်တော်အမတ်အဖြစ် ခန့်အပ်ခံထားရသူလည်း ဖြစ်ပါတယ်။