A d v e r t i s e m e n t With Us

ပွဲအချိန်ရွှေ့လို၍ ကစားသမားတဦး သေဆုံးဟု လိမ်လည်ထုတ်ပြန်ခဲ့သည့် အိုင်ယာလန်ကလပ်

ပွဲချိန်ရွေ့ဆိုင်းချင်တဲ့အတွက် ကစားသမားတယောက် သေသွားတယ်လို့ လိမ်ညာထုတ်ပြန်ခဲ့တဲ့ အိုင်ယာလန်က အပျော်တမ်းဘောလုံးအသင်းတသင်းဟာ ပြင်းပြင်ထန်ထန် ဝေဖန်ခံနေရတယ်လို့ နိုဝင်ဘာ ၂၉ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။ Ballybrack အသင်းဟာ အိုင်ယာလန် လင်စတာစီနီယာလိဂ်မှာ ပြိုင်ပွဲဝင်နေတဲ့ အပျော်တမ်းကလပ် အသင်းတခုဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေက Arklow Town အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲနေ့မတိုင်ခင်မှာ Ballybrack အသင်းရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းရဲ့ စပိန်ကစားသမား လာဖန်တီ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ဒီသတင်းက ပြိုင်ပွဲဝင်အသင်းတိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး သေဆုံးသူအတွက် ပြိုင်ပွဲမစခင် တမိနစ်ငြိမ်သက်ခြင်းနဲ့ ကစားသမားတွေက ဝမ်းနည်း ခြင်းအထိမ်းမှတ် လက်ပတ်အမည်းတွေ ဝတ်ဆင်ခြင်းတို့ပါ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် တချို့အသင်းတွေကလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ သေဆုံးသူကစားသမားနဲ့ သူ့မိသားစုအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီသေဆုံးမှုကြောင့် လိဂ်တာဝန်ရှိသူတွေက Ballybrack ရဲ့ ပြိုင်ပွဲကို ရွှေ့ဆိုင်းပေး လိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာမှ အဖြစ်မှန်ကိုသိခဲ့ရတာဖြစ်ပြီး လာဖန်တီက သေဆုံးခဲ့ တာမဟုတ်ဘဲ သူ့မွေးရပ်မြေကို ပြန်သွားခြင်းသက်သက်ပဲ ဖြစ်တယ်ဆိုတာကိုပါ သိခဲ့ရပါတယ်။ လိဂ်တာဝန်ရှိ သူတွေက လာဖန်တီရဲ့ မိသားစုကိုတိုက်ရိုက်သွယ်ရာမှ သူမသေဆုံးကြောင်းကို သိရှိရခဲ့တာဖြစ်ပါတယ်။ အဖြစ်မှန်ပေါ်သွားပြီးတဲ့နောက်မှာမှ Ballybrack အသင်းက သူတို့ရဲ့ လက်သင့်ခံနိုင်ဖွယ် မရှိတဲ့အမှားအတွက် အားလုံးကို တောင်းပန်ပါတယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းစုံစမ်းမှုတွေအရ Ballybrack အသင်းဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့်ပွဲကို ရွှေ့ဆိုင်းချင်တာကြောင့် ဒီသတင်းကို ထုတ်ပြန်ခဲ့တာလို့သိခဲ့ရပြီး လိဂ်ရဲ့ဥက္ကဋ္ဌဖြစ်သူကလည်း “ကစားသမား သေဆုံးခြင်းမရှိတဲ့အတွက် ဝမ်းသာမိပေမယ့် ကလပ်အသင်းရဲ့ လိမ်ညာမှုကိုတော့ လက်မခံနိုင်ဘူး” လို့ပြောပါတယ်။ ဒီလိုလိမ်ညာမှုကြောင့် ကလပ်အသင်းရဲ့ အတွင်းရေးမှူး ဟာရာထူးက ထွက်သွားခဲ့တယ်လို့ သိရပေမယ့် သူဟာဒီကိစ္စအတွက် အမှန်တကယ်တာဝန်ရှိသူလားဆိုတာတော့ မသဲကွဲသေးပါဘူး။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ လာဖန်တီဟာ စပိန်မြေမှာ ယာဉ်မတော်တဆမှုနဲ့ အမှန်တကယ်ကြုံတွေ့ခဲ့ရပေမယ့် အသေးစားဒဏ်ရာတွေသာ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up