အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်များ မျိုးချစ်စိတ်ဖြင့်ကြိုးစားရန် ဒုသမ္မတ တိုက်တွန်း

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်မယ့်  မြန်မာအားကစားသမားတွေအနေနဲ့ မျိုးချစ်စိတ်နဲ့ အစွမ်းကုန် ကြိုးစားကြဖို့ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေက တိုက်တွန်းလိုက်ပါတယ်။ အားကစားပြိုင်ပွဲ အောင်နိုင်ရေး အလံအပ်နှင်း အခမ်းအနားကို နေပြည်တော်မှာရှိတဲ့ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒုသမ္မတဦးမြင့်ဆွေက တိုက်တွန်း ပြောကြားလိုက်တာပါ။ “ပြိုင်ပွဲမှာ အောင်နိုင်ရေးနဲ့ အမိနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်နိုင်ရေး တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီ ဖြစ်တဲ့အတွက် မြန်မာအားကစားအဖွဲ့ဝင်တွေ အားလုံးဟာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကာ အစွမ်းကုန် ကြိုးစားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” လို့ ဒုသမ္မတက ပြောပါတယ်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပြေးခုန်ပစ်၊ မြားပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ စစ်တုရင်၊ ဘောလုံး၊ ဂေါက်သီး၊ ကရာတေး၊ ပီတန်း၊ လှေလှော်၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ ဗိုဗီနမ်၊ ဝူရှူးနဲ့ တင်းနစ် အားကစားနည်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ဒီအားကစားပြိုင်ပွဲဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ပထမဆုံးအကြိမ် လက်ခံကျင်းပမှာ ဖြစ်တဲ့အတွက် နိုင်ငံအတွက် ဂုဏ်ယူရမယ့် သမိုင်းမှတ်တမ်းတခုဖြစ်တယ်” လို့ ပြောပါတယ်။ အားကစားလှုပ်ရှားမှုတွေကနေတဆင့် အာဆီယံနိုင်ငံတွေအကြား အပြန်အလှန် နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ပြီး လူငယ်နဲ့ ချစ်ကြည်ရေး ဆောင်ပုဒ်ကို ချမှတ်ပြီး ပြိုင်ပွဲကြီးကို လက်ခံကျင်းပတာလို့လည်း ပညာရေးဝန်ကြီးက ပြောပါတယ်။ ပြိုင်ပွဲတွေကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ပီတန်းအားကစားကွင်း၊ ငလိုက်ဆည်နဲ့ မြို့တော်ဂေါက်ကွင်းတွေမှာ ကျင်းပသွားမှာဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံက အားကစားသမားတွေနဲ့ အားကစားအဖွဲ့ဝင်တွေ ၂၀၀၀ လောက် လာရောက်ယှဉ်ပြိုင်ကြမှာပါ။ ပြိုင်ပွဲမှာ တဦးချင်း အားကစားနည်းတွေမှာ ဆုရသူတွေကို ပထမဆု ကျပ် သိန်း ၅၀၊ ဒုတိယဆု သိန်း ၃၀၊ တတိယဆု သိန်း ၂၀ နဲ့ အသင်းလိုက် အားကစားနည်းတွေမှာ ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၅ သိန်း၊ တတိယဆု ၃ သိန်း ချီးမြှင့်မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up