ကလေးစစ်သားများကို မိဘအုပ်ထိန်းသူထံ လွှဲပြောင်းပေးအပ်
DVB
·
September 3, 2012
အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမှ နုတ်ထွက်ခွင့်ပြုပြီး မိဘအုပ်ထိန်းသူထံ လွှဲပြောင်းပေးတဲ့ အခမ်းအနားကို ဒီနေ့ ကျင်းပပါတယ်။
ရန်ကုန်တိုင်း လှိုင်မြို့နယ် ဘုရင့်နောင်က အမှတ် ၁ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ကျင်းပတဲ့ အခမ်းအနားကို ကလေးစစ်သားတွေနဲ့ သူတို့ရဲ့ မိဘဆွေမျိုးတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေ (ယူနီဆက်ဖ်) အဖွဲ့ မြန်မာပိုင်း ပြန်ကြားရေးအရာရှိ ဦးရဲလွင်ဦးက “ဇွန်လ ၂၇ ရက်နေ့က မြန်မာနဲ့ ကုလသမဂ္ဂ လက်မှတ်ထိုးပြီးကတည်းက ကလေးစစ်သားတွေကို တပ်တွေထဲ လိုက်စစ်တဲ့အခါ ၁၈ နှစ် မပြည့်သေးတဲ့ကလေးတွေ တွေ့ရတယ်။ အဲ ၄၂ ယောက်ကို မိဘတွေနဲ့၊ တပ်မတော်နဲ့ ယူနီဆက်ဖ်၊ တခြား အဖွဲ့တွေနဲ့ ပေါင်းပြီးတော့ သူတို့ကို နုတ်ထွက်ခွင့်ပေးလိုက်တယ်။ မိသားစုတွေကို လွှဲပြောင်းပေးလိုက်တာပေါ့။”
အရွယ်မရောက်သေးဘဲ စစ်တပ်ထဲ ရောက်သွားကြတဲ့ ကလေးတွေဟာ တပ်ကနုတ်ထွက်ခွင့် ကျပြီးတဲ့အချိန်မှာ အသက် ၁၆ နှစ်မှ ၁၉ နှစ်ထိ အသီးသီး ရှိနေကြပြီး အများစုက ၁၇ နှစ် အရွယ်တွေလို့ ဦးရဲလွင်ဦးက ပြောပါတယ်။
ဒီအခမ်းအနားမှာ တပ်မတော်အတွင်း စစ်မှုထမ်းဆောင်နေတဲ့ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၄၂ ယောက်ကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုလက်မှတ်နဲ့ နိုင်ငံသားစစ်စစ်ရေးကတ်ပြားတွေကိုပါ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပေးအပ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကပဲ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ မြန်မာ့တပ်မတော်မှာ စစ်မှုထမ်းခြင်းမှ ကာကွယ်ရန်နဲ့ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို စစ်မှုထမ်းခြင်းမှ လွတ်မြောက်ခွင့်ပြုဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့အကြား လုပ်ငန်းအစီအစဉ်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
စစ်သားစုဆောင်းရေးနဲ့ပတ်သက်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူညီချက်ပါ အသိပညာတွေ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ၂၀၀၄ ကနေ ၂၀၁၂ ဇူလိုင်လအထိ ကလေး ၆၀၀ ကို စစ်မှုထမ်းခြင်းကနေ နုတ်ထွက်စေပြီး မိဘရပ်ထံ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မောင်မောင်ရှင် က ဒညင်းကုန်း စစ်သားစုဆောင်းရေးမှာ ကျင်းပခဲ့တဲ့ ကလေးစစ်သားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲမှာ ပြောကြားခဲ့ပါတယ်။