ယူကရိန်းဒေသအချို့တွင် စစ်အုပ်ချုပ်ရေးဥပဒေ စတင်ကျင့်သုံး

ယူကရိန်းနိုင်ငံရဲ့ ဒေသတချို့မှာ စစ်အုပ်ချုပ်ရေးဥပဒေကို ယူကရိန်း ခေါင်းဆောင်တွေက နိုဝင်ဘာ ၂၈ ရက်မှာ စတင်ကျင့်သုံးနေပါပြီ။ ရုရှားက ကျူးကျော်မယ့် အလားအလာကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။ အနာဂတ်မှာ ရုရှားရဲ့ ဘယ်လိုစစ်ရေးလှုပ်ရှားမှုကိုမဆို တုံ့ပြန်ဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်းမြောက်ပိုင်းမှာ သမ္မတ ပေထရို ပိုရိုရှန်ကိုက ပြောလိုက်ပါတယ်။ ရုရှားဟာ ယူကရိန်းအပေါ် စစ်ရေးအရ ဗြောင်ကျကျ ရန်လိုနေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။ လုံခြုံရေး သေချာစေဖို့ ရုရှား-ယူကရိန်း နယ်စပ်မှာ ယူကရိန်းစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တို့ကို တပ်လှန့်ထားပါတယ်။ နယ်စပ်မှာ ထိန်းချုပ်မှုတွေ တိုးထားပေမယ့် ပြည်သူတွေကတော့ နယ်စပ်ကို ဖြတ်ကူးရာမှာ ဘယ်လိုပြဿနာကိုမှ ရင်ဆိုင်ရတာ မရှိပါဘူး။ ယူကရိန်း စစ်သင်္ဘော ၃ စီးနဲ့ သင်္ဘောသားတွေဟာ နိုဝင်ဘာ ၂၅ ရက်က ရုရှားရေပိုင်နက်ထဲကို တရားမဝင် ဝင်လာခဲ့တယ်လို့ ရုရှားက စွပ်စွဲပြီး သူတို့ကို ဖမ်းထားပါတယ်။ ယူကရိန်းကတော့ ရုရှားရဲ့စွဲချက်ကို ငြင်းပါတယ်။ ယူကရိန်းသင်္ဘောတွေဟာ ရုရှားရဲ့ခွင့်ပြုချက် မလိုဘဲ ရေလက်ကြားကိုသုံးဖို့ အခွင့်အရေးရှိလို့ ဘာမှမမှားဘူးလို့ ယူကရိန်းအစိုးရက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up