အာဖဂန်တွင် ဗြိတိန် လုံခြုံရေးကန်ထရိုက်တာကို ပစ်မှတ်ထားပြီး ကားဗုံးဖောက်ခွဲ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ဗြိတိန် လုံခြုံရေး ကန်ထရိုက်တာကို ပစ်မှတ်ထားပြီး နိုဝင်ဘာ ၂၇ ရက်က ကားဗုံးဖောက်ခွဲခဲ့လို့ လူတချို့ ဒဏ်ရာရပါတယ်။ လုံခြုံရေးတပ်တွေကို တိုက်မယ့် သေနတ်သမားတွေအတွက် လမ်းဖွင့်ဗုံးခွဲတာလည်း ဖြစ်ပါတယ်။ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီက တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စီစဉ်အပြီး နာရီပိုင်းအတွင်း ခုလိုဖြစ်ခဲ့တာပါ။ တာလီဘန်တွေက ဒီတိုက်ခိုက်မှုအတွက် သူတို့တာဝန်ယူကြောင်း ကြေညာခဲ့ပါတယ်။ ကဘူးလ်မြို့ကနေ အာဖဂန်အရှေ့ပိုင်းကို ထွက်တဲ့ အဓိကလမ်းပေါ်မှာရှိတဲ့ စက်မှုဇုန်အနားက G4S လုံခြုံရေးအုပ်စုရဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ကားဗုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ကိုင်တွယ် ဖြေရှင်းနေချိန်မှာ သေနတ်သမားတွေက G4S ခြံဝင်းထဲ ဝင်လာခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ၁၇ နှစ်ကျော်ကြာနေတဲ့ အာဖဂန်စစ်ပွဲကို အဆုံးသတ်ရေး တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အာဖဂန်နဲ့ အမေရိကန်အစိုးရတို့ ကြိုးစားနေပေမယ့် ကဘူးလ်မြို့ လုံခြုံရေးအတွက် ဒီဖြစ်ရပ်က ပြနေတယ်လို့ မီဒီယာတွေက ထောက်ပြ ဝေဖန်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူအသေအပျောက်များတယ်လို့ သူပုန်တွေရဲ့ အဓိက ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က ပြောပါတယ်။ ဒါဟာ ဟဲလ်မန်းနဲ့ ကန်ဒါဟာခရိုင်တွေမှာ လုံခြုံရေးတပ်တွေရဲ့ ထိုးစစ်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် လက်စားချေတာလို့လည်း ပြောပါတယ်။ အာဖဂန်အစိုးရဘက်ကတော့ အသေအပျောက်စာရင်းကို မကြေညာခဲ့ပါဘူး။ G4S ဟာ ကမ္ဘာ့အကြီးဆုံး လုံခြုံရေးအဖွဲ့တွေထဲက တခုဖြစ်ပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံအတွင်း နိုင်ငံခြား လုံခြုံရေးအေဂျင်စီတွေထဲက တခုဖြစ်ပြီး ဗြိတိန်သံရုံးဝန်းကျင်မှာ အစောင့်တွေ ချထားပေးတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up