Home
ဆောင်းပါး
ထီးလိုမိုးတဲ့ သမီးကြီး (သို့မဟုတ်) “သမီးကြီးတော့ အဖအရာ”
DVB
·
November 29, 2018
“ဖန်း” ကနဲ အသံကြားလို့ အရှေ့ကလျှောက်နေတဲ့ သူမ နောက်ပြန်လှည့်ကြည့်လိုက်တော့ မီးခိုးလုံးတွေကြားထဲမှာ လဲကျနေတဲ့ သူမအဖေကို တွေ့လိုက်ရပါတယ်။ နေ့လယ် ၁၂ နာရီလောက် မီးသွေးဖုတ်ပြီး တောလမ်းကနေ အတူပြန်လာကြတဲ့ ရွာသားတွေက ကြောက်ကြောက်လန့်လန့်နဲ့ ရွာကိုပြန်ပြေးသွားကြချိန်မှာ အသက် ၁၉ နှစ်အရွယ် မသီတာအောင်ကတော့ မိုင်းထိပြီး မီးခိုးလုံးတွေကြား လဲနေတဲ့အဖေကို ချန်ထားပြီး ထွက်မပြေးနိုင်ခဲ့ပါဘူး။ တောထဲမှာတော့ သူမတို့သားအဖနှစ်ဦးသာ ကျန်ရှိနေပါတယ်။ ပြတ်တောက်ပြီး တုံးတိဖြစ်သွားတဲ့ အဖေ့ခြေထောက်ကို ရှိတဲ့အဝတ်တွေနဲ့ သူမ စည်းနှောင်လိုက်ပါတယ်။ ခဏအကြာမှာ ဆီးအိမ်ကိုပါ မိုင်းစထိသွားတဲ့ သူမဖခင်က မျက်လုံးတွေပြာလာပြီလို့ ပြောတော့ မလှုပ်ရှားနိုင်တော့တဲ့ ဖခင်ရဲ့ ခန္ဓာကိုယ်ကြီးကို မနိုင်မနင်းနဲ့ ကျောမှာပိုးပြီး ရွာထဲကို သယ်လာခဲ့ပါတယ်။ ၁၉ နှစ်အရွယ် သူမ..၊ ကြောက်လန့်စိုးရိမ်စိတ်တွေကို ထိန်းချုပ်ပြီး အဖေ့အတွက် အကောင်းဆုံးအခြေအနေရောက်အောင် ကြိုးစားခဲ့ပေမယ့် အချိန်နှောင်းခဲ့ရလို့ ဝမ်းနည်းမဆုံး ဖြစ်ခဲ့ရပါတယ်။ သတိရတချက် မရတချက်နဲ့ သူမရဲ့ကျောပေါ် ပါလာခဲ့တဲ့ အဖေဟာ လမ်းတဝက်မှာပဲ သတိမေ့မျောပြီး သိပ်မကြာခင်မှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ အဖေဟာ မဆုံးခင် သူမကို စကားတခွန်းတော့ မှာခဲ့ပါသေးတယ်။ “သမီးရယ်တဲ့ သူသေပြီးနောက်ပိုင်း ဒီတောထဲတောင်ထဲ မလုပ်စားပါနဲ့တဲ့..။ သူ့လိုအဖြစ်မျိုး မကြုံစေချင်ဘူးတဲ့..” သူမအဖေ မိုင်းထိချိန်မှာ သူမအဖေရဲ့အရှေ့ မလှမ်းမကမ်းမှာ ရှိနေခဲ့တဲ့ သူမရဲ့လက်မောင်းကိုပါ မိုင်းစမှန်ခဲ့လို့ ခွဲထုတ်ခဲ့ရသေးတယ်လို့ သူမက ဒဏ်ရာကိုပြပြီး ပြောပါတယ်။ အခုချိန်မှာ ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညိုလတ်တဲ့ အသားအရေနဲ့ ကျစ်လျစ်ထွားကျိုင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မသီတာအောင်ဟာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းဒေသက မြောင်းဦးကျေးရွာမှာ နေထိုင်ပါတယ်။ သူမတို့မိသားစုဟာ တောတောင်ကို အမှီပြုပြီး မီးသွေးဖုတ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသလို တခြား နေ့စားအလုပ်တွေနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြတဲ့ နွမ်းပါးတဲ့ သာမန်မိသားစုသာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ရဲ့ နေ့တနေ့မှာ တောပိတ်တယ်လို့ KNU က ကြိုတင်ဖြန့်တဲ့သတင်းကို မရရှိခဲ့တဲ့အတွက် ညအိပ် မီးသွေးဖုတ်ပြီး ရွာကိုအပြန် သူမအဖေဟာ မြေမြှုပ်မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။ “တောပိတ်တယ်” ဆိုတာက တိုက်ပွဲ (ဒါမှမဟုတ်) မိုင်းထောင်မှာဖြစ်လို့ သတ်မှတ်နယ်မြေထဲ မလာကြဖို့ လက်နက်ကိုင်အဖွဲ့တွေက သတိပေးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ သူမအဖေ ဆုံးပါးချိန်မှာ သူမအမေဟာ နှစ်လသားအရွယ် အငယ်ဆုံးကလေး အပါအဝင် သားသမီး ၇ ဦးနဲ့ ကျန်ရစ်ခဲ့ပါတယ်။ သူမအဖေ အသုဘချချိန်မှာတော့ ငိုကြွေး ပူဆွေးသောကရောက်နေတဲ့ သူမအမေနဲ့ အစ်မကြီးဖြစ်တဲ့ သူမကို ဝိုင်းဖက်ပြီး ငိုယိုနေကြတဲ့ အရွယ်မရောက်သေးတဲ့ မောင်နဲ့ ညီမလေး ၆ ယောက်ကိုကြည့်ပြီး မိသားစုအတွက် ဦးဆောင်အလုပ်လုပ်ဖို့ သူမ ယတိပြတ် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ “သူတို့ကိုကြည့်ပြီး ဝမ်းနည်းတယ်။ ငါသာ အလုပ်မလုပ်နိုင်ခဲ့ရင် ကိုယ့်ညီအစ်ကိုမောင်နှမတွေ ဘယ်လိုဖြစ်ကြမလဲဆိုပြီး…..” လို့ မသီတာအောင်က အလုပ်ကြိုးစားလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့အကြောင်း ပြောပြပါတယ်။ မြို့ပေါ်ကိုတောင် တကြိမ်တခါမှ မရောက်ဘူးခဲ့တဲ့ သူမဟာ သူမအဖေ မဆုံးပါးခင် မှာခဲ့တဲ့စကားကို နားထဲမှာ အမြဲကြားယောင်ပြီး တနယ်တကျေးမှာသာ အလုပ်ထွက်လုပ်ဖို့  ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမ လုပ်ကိုင်ခဲ့တဲ့ အလုပ်တွေကတော့ အမျိုးသားအများစု လုပ်ကိုင်တဲ့ ရွှေတွင်းလုပ်ငန်းနဲ့ ခဲတွင်းလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဘီးလင်းနဲ့ ဘိတ်ထားဝယ်ဘက်မှာရှိတဲ့ တွင်းကုမ္ပဏီတွေမှာ အလုပ်ရှိရင်ရှိသလို ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ပါတယ်။ အလုပ်အတွေ့အကြုံလည်းမရှိ၊ သူစိမ်းတွေနဲ့လည်း အလုပ်မလုပ်ဘူးတဲ့ သူမအဖို့ မိန်းကလေးအဖော်မရှိတဲ့ လုပ်ငန်းခွင်ဟာ အလုပ်စဝင်ချိန်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်ခဲ့ပါတယ်။ “ကြောက်နေလို့ အိမ်မှာနေလည်း ကိုယ့်မိသားစုက ငတ်ရုံပဲရှိမှာ။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် နိုင်အောင်ထိန်းပြီးတော့ သွားရတာပဲလေ” လို့ မသီတာအောင်က ပြောပါတယ်။ သူမလုပ်တဲ့ အလုပ်ကတော့ အလုပ်သမား ၆၀ ကျော်ကို ထမင်းချက်ပေးရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ တကယ်တော့ လူအယောက် ၆၀ အတွက် အလုပ်ရှင်က ထမင်းချက် ၂ ဦးကို ခေါ်ခဲ့တာပါ။ ဒါပေမယ့် တယောက်တည်းချက်နိုင်ရင်တော့ နှစ်ယောက်စာလုပ်အားခ ရမယ်ဆိုတဲ့အပေါ် သူမက တယောက်တည်းလုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူမ အလုပ်လောဘကြီးရတဲ့ အကြောင်းရင်းက သူမတို့မိသားစု စားဝတ်နေရေး တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ သူမမောင်နှမတွေရဲ့ ပညာရေးအတွက်ပါ စဉ်းစားလုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့် ထမင်းချက်လို့ရတဲ့ လစဉ်ဝင်ငွေ ၁ သိန်း ၈ သောင်းကျပ်ဟာ သူမအတွက် မလုံလောက်ပါဘူး။ “ကိုယ်က ပညာမတတ်ပါဘူးဆိုမှ ကိုယ့်ညီအစ်ကို မောင်နှမပါ မတတ်ဘူးဆို ပိုဆိုးသွားမယ်။ ကိုယ် အရှေ့က အပင်ပန်းခံပြီး ကြိုးစားထားရင်တော့ ကိုယ့်ညီအစ်ကိုမောင်နှမအတွက် အခက်အခဲ မရှိတော့ဘူးပေါ့” လို့ မသီတာအောင်က ဆိုပါတယ်။ ဒါကြောင့် ဝင်ငွေပိုရဖို့အတွက် ထမင်းချက်တဲ့ အလုပ်အပြင် အားတဲ့အချိန်တွေမှာလည်း တခြားအလုပ်တွေကိုပါ သူမ ရှာလုပ်ပါတယ်။ မနက် ၄ နာရီမှာ အိပ်ယာထပြီး လူ ၆၀ ကျော်အတွက် ထမင်းဟင်း ချက်ပြုတ်ပါတယ်။ ပြီးတာနဲ့ သူမလုပ်တဲ့အလုပ်က ကျောက်ခဲသယ်တဲ့အလုပ်၊ ဒါမှမဟုတ် ခဲတွင်းထဲကရတဲ့ မြေစာတွေကို ခဲတွေချည်းကျန်အောင် ပြန်လည်စစ်ထုတ်လုပ်ဆောင်ရတဲ့ ခဲဝိုင်းတဲ့အလုပ်နဲ့ ခဲပြာတဲ့အလုပ်တွေကို ဆက်လုပ်ပါတယ်။ ညဘက်တွေမှာ ည ၁၂ နာရီထိုးတဲ့အထိ အလုပ်လုပ်လို့ အခုချိန်ထိ သူမရဲ့အိပ်ချိန်ဟာ တရက်ကို ၄ နာရီသာသာပဲ ရှိပါတယ်။ အလုပ်ကြမ်းတွေလုပ်ပြီး အိပ်ချိန်က နည်းနည်းနဲ့ဆိုတော့ မပင်ပန်းဘူးလားလို့ မေးကြည့်တဲ့အခါ “ကျန်းမာရေးကောင်းလို့ကတော့ အိပ်ရေးပျက်တာလည်း မမှုတော့ပါဘူးလေ။ ကိုယ့်အတွက်က ရိုးသွားပါပြီ” လို့ ပြုံးရယ်ပြီး သူမ ပြန်ဖြေပါတယ်။ “ဒီလောက်အလုပ်မှ ကိုယ်မလုပ်နိုင်ဘူးဆိုရင် ကျန်တဲ့အလုပ် ဘာသွားလုပ်စားမလဲ” လို့လည်း သူမက မေးခွန်းပြန်ထုတ်ပါတယ်။ သူမအမေက အလုပ်လျှော့လုပ်ဖို့ ပြောပေမယ့်လည်း သူမမောင်နှမတွေရဲ့ ရှေ့ရေးအတွက် သူမ နားမထောင်ခဲ့ပါဘူး။ “သူများတွေပြောသလိုဆို သူက ထီးလိုသမီးမျိုးပဲပေါ့” လို့ အသက် ၄၅ နှစ်သာရှိသေးတဲ့ မိခင်ဖြစ်သူ ဒေါ်သီစမ်းက ပြောပါတယ်။ မသီတာအောင်ဟာ မိသားစုမှာ ဖခင်နေရာတာဝန်ကို ယူထားသလို မောင်နှမတွေ အပေါ်မှာလည်း မိဘလို အနစ်နာခံတယ်လို့ သူမအမေက ဆိုပါတယ်။ သူမလုပ်တဲ့ လုပ်ငန်းခွင်ဟာ တကယ်တော့ အသက်အန္တရာယ်လည်း များပါတယ်။ သူမရဲ့ရှေ့မှာတင် သစ်ပင်ရိုက်လို့ သေသူရှိသလို ကျင်းပိသေတဲ့သူတွေ၊ ရေနစ်သေသူတွေ မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် “ကံကိုယုံပြီး ဆူးပေါ်တက်နင်းရင်တော့ ဆူးစူးမှာပဲ” ဆိုတဲ့ ခံယူချက်အတိုင်း စားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ကိုင်စားသောက်ရမယ့်ဘဝမို့ ဝီရိယနဲ့ နေထိုင်လုပ်ကိုင်တဲ့အကြောင်း သူမက ရှင်းပြပါတယ်။ လုပ်ငန်းခွင်မှာ အမျိုးသမီးဆိုလို့ သူမတယောက်တည်း ရှိတဲ့အတွက် အမျိုးသားအချို့ရဲ့ စနောက်မှုတွေလည်း ရှိပေမယ့် သူမရဲ့ အနေအထိုင်မှန်မှု၊ ကြိုးစားမှုတွေကြောင့် အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဘက် အများစုရဲ့ ချစ်ခင်မှု၊ တန်ဖိုးထားမှုတွေကို ရရှိခဲ့ပါတယ်။ “ယောက်ျားလေးတွေ တခုခု မ,နေတယ်၊ မနိုင်ဘူးဆိုရင် ကိုယ့်ခွန်ကိုယ့်အားနဲ့ နိုင်သလောက် ဝိုင်းမ,ကူတယ်” လို့ လုပ်ငန်းခွင်အတွင်း မောင်နှမစိတ်ဓာတ်နဲ့ ဒေါင်ကျကျပြားကျကျ နေထိုင်တဲ့အကြောင်း သူမက ပြောပြပါတယ်။ မိုးရာသီဆိုရင်တော့ ရွှေလုပ်ငန်း၊ ခဲလုပ်ငန်းတွေနားလို့ ရွာပြန်လာပြီး ဘုရားကျောင်းတခုမှာ တလ ၁ သိန်းနဲ့ ထမင်းချက်အလုပ်ကို နှစ်တိုင်းပြန်လုပ်ပါတယ်။ အချိန်ကို အနားမပေးတတ်တဲ့ မသီတာအောင်အဖို့ ထမင်းချက်အလုပ်ပြီးရင် ညသန်းခေါင်အထိ သူမလုပ်တဲ့အလုပ်ကတော့ ကွမ်းသီးခြစ်တဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ကွမ်းသီးခြစ်တာက တညကို ကျပ် ၂၅၀၀ နဲ့ ၃၀၀၀ ကျပ်ဝန်းကျင် ရတယ်လို့ သူမ ဆိုပါတယ်။ မုန်းမြို့၊ မြောင်ဦးကျေးရွာက မသီတာအောင်ရဲ့အကြောင်းကို သူမနဲ့ရွယ်တူ လူငယ်တွေအပြင် အသက်အရွယ်ကြီးသူတွေ အားလုံး မသိသူ မရှိကြပါဘူး။ “ဒီကလေးက အသက်အရွယ်နဲ့ မလိုက်အောင် မိဘနဲ့ ညီအစ်ကိုမောင်နှကို ကိုယ့်ဘဝ ကိုယ့်မိန်းမသားရဲ့ အင်အားနဲ့မမျှအောင် ရှာဖွေလုပ်ကိုင် ကျွေးမွေးတယ်။ လိမ်မာတဲ့ကလေးပဲ” လို့ မုန်းမြို့၊ အောင်ချမ်းသာကျေးရွာရဲ့ မူလတန်းကျောင်းအုပ်ဆရာကြီးက မှတ်ချက်ပေးပါတယ်။ တနှစ်ပတ်လုံး နားချိန်မရှိဘဲ အလုပ်လုပ်နေပေမယ့် သူမအတွက် ရတက်မအေးနိုင်သေးပါဘူး။ ၉ တန်းအရွယ်နဲ့ ၇ တန်းအရွယ် အသီးသီးရောက်လာတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ ကြီးမြင့်လာတဲ့ ကျောင်းစရိတ်နဲ့ နောက်နှစ်ဆို ကျောင်းတက်ရတော့မယ့် အငယ်ဆုံးကလေးရဲ့ ကျောင်းစရိတ်တွေက သူမအတွက် စိန်ခေါ်မှုတွေ ဖြစ်လာနေပါတယ်။ “ကိုယ့်မိသားစုအတွက် သူများတွေလို လူတန်းစေ့ မနေရသေးဘူး။ ကျောင်းထုတ်မယ်ဆိုလည်း ဒီကလေးတွေ ဘာမှလုပ်စားလို့ရမှာ မဟုတ်ဘူးလေ” လို့ သူမ ညည်းတွားလိုက်ပါတယ်။ အခုတော့ သူမရဲ့ နောက်ထပ်နယ်မြေအသစ်က တိုင်းတပါးကို ထွက်ဖို့ပဲ ဖြစ်ပါတယ်။ နောက်နှစ်မှာ ပိုက်ဆံပိုရတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်နားမှာ အလုပ်ထွက်လုပ်ဖို့ စီစဉ်နေတဲ့အကြောင်း သူမပြောပြပါတယ်။ သူမအဖေဆုံးပြီးနောက်ပိုင်း လျှောက်ခဲ့ရတဲ့ ခရီးကြမ်းတွေအတွက် ပင်ပန်းနွမ်းနယ်တဲ့ပုံ မပေါက်တဲ့အပြင် အလုပ်အတွက် အမြဲတမ်း နိုးကြားတက်ကြွနေတတ်တဲ့ မသီတာအောင်မှာ သူမအဖေ သေဆုံးခဲ့မှုအတွက်တော့ အဖြေမရသေးတဲ့ မေးခွန်းတခု ရှိနေပါတယ်။ “ကိုယ့်ကံက မကောင်းလို့ လူအများကြီးသွားနေတဲ့အထဲက ကိုယ်ဖြစ်တာလား၊ ဒါမှမဟုတ်ရင်လည်း ကိုယ်ကိုယ်တိုင်ကပဲ ဒုက္ခတောထဲ ရောက်လာမိလို့ ဖြစ်တာလားဆိုတာ ကျမ မကြာမကြာ စဉ်းစားမိတယ်။” မယ်လွန်း (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024