နျူကလီးယား ယိုစိမ့်မှုဖြစ်သည့် ဖူကူရှီးမားဒေသက အစားအစာများကို တားမြစ်ရန် ထိုင်ဝမ်ပြည်သူ ထောက်ခံ

351
နျူကလီးယား ယိုစိမ့်မှုဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံ ဖူကူးရှီးမားဒေသက အစားအစာတွေကို ဆက်လက် တားမြစ်ဖို့ ထိုင်ဝမ်ပြည်သူ့ဆန္ဒခံယူပွဲက ထောက်ခံခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ထိုင်ဝမ်အစိုးရက ဂျပန်နဲ့နားလည်မှုရအောင် ကြိုးပမ်းနေသလို ဂျပန်အစိုးရကလည်း တားမြစ်မှု ရုပ်သိမ်းဖို့ နည်းလမ်း ရှာဖွေနေပါတယ်။
ပြည်သူ့ဆန္ဒခံယူပွဲရလဒ်နဲ့ ပတ်သက်လို့ ဂျပန်အစိုးရနဲ့ ဆက်သွယ်ပြီး နားလည်မှုရအောင် ကြိုးပမ်းမယ်လို့ ထိုင်ဝမ် အစိုးရက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
“ဒီတစ်ခါ ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်နဲ့ပတ်သက်လို့ ကျနော်တို့ ဂျပန်ဘက်နဲ့ ဆက်သွယ်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီကိစ္စကို ဂရုတစိုက်ကိုယ်တွယ်ပြီး ဂျပန်ဘက်က နားလည်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” လို့ ထိုင်ဝမ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် အန်ဒရူးလီ ကပြောပါတယ်။
ထိုင်ဝမ်မဲပေးခွင့်ရှိသူ ၁၉ ဒသမ ၇၆ သန်းအနက် ၁၀ သန်းနီးပါးဟာ ဆန္ဒခံယူပွဲမှာ မဲပေးခဲ့ပြီး အဲဒီထဲက ၇ ဒသမ ၈ သန်းဟာ တားမြစ်ချက် ဆက်လက်ထားရှိရေး ထောက်ခံခဲ့ပါတယ်။
“ကျမတို့ ပြည်သူတွေအနေနဲ့ ဘာဖြစ်လို့ ဒီလို နျူကလီးယားယိုစိမ့်မှု ဖြစ်ထားတဲ့ဒေသက အစားအစာတွေကို တင်သွင်းခွင့်ပြုသင့်သလဲဆိုတာကို အစိုးရဆီကနေ ရှင်းရှင်းလင်း မသိရသေး ပါဘူး။ ကျမတို့က တင်သွင်းခွင့်ပြုတယ် ဆိုပါတော့။ ကျမတို့ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အစိုးရက ဘယ်လို အကာကွယ်ပေးမှာလဲ။” လို့ ထိုင်ဝမ်ပြည်သူ တဦးဖြစ်တဲ့ လင်းယီရွှမ်က ဆိုပါတယ်။
အဲဒိလို တုံ့ပြန်တာတွေနဲ့ ပတ်သက်ပြီး ဂျပန် အစိုးရဘက်ကလည်း တားမြစ်ချက် ရုပ်သိမ်းဖို့ မျော်လင့်ကြောင်းပြောခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ဂျပန်အစားအစာတွေအပေါ် ထိုင်ဝမ်ပြည်သူတွေ ပိုမိုယုံကြည်လာအောင် နည်းလမ်းပေါင်းစုံ အသုံးပြုသွားမှာဖြစ်ပြီး ဂျပန်အစားအစာ တင်သွင်းမှု တားမြစ်ချက်ကို ရုပ်သိမ်းပေးဖို့ ဆက်တောင်းဆိုပါတယ်” လို့ ဂျပန်အစိုးရအဖွဲ့ အကြီးအကဲ ယိုရှီဟီဒက ပြောသွားပါတယ်။
ထိုင်ဝမ်ပြည်သူတွေရဲ့ ဆန္ဒခံယူပွဲ ရလဒ်နဲ့ ပတ်သက်လို့ စိတ်မကောင်း ဖြစ်မိကြောင်းလည်း ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။